မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည်

July 11, 2018

မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည်

နေပြည်တော်မှာကျင်းပနေတဲ့  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းဝေးကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ဇူလိုင် ၁၂ ရက်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားစီ တွေ့ဆုံဖို့ရှိနေပါတယ်။ “ပထမဆုံး အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဖို့ကို ကျနော်တို့ ၁၂ ရက်နေ့ မနက်ဖြန် စီစဉ်ထားပါတယ်။ စီစဉ်ထားတော့ခေု အသေးစိတ်တော့ မညှိနှိုင်းရသေးဘူး။ အကြမ်းဖျင်း ကတော့တွေ့ဖို့ သဘောတူထားပါတယ်”လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ ဒီလိုတွေ့ဆုံရာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး လျော့ချရေးအတွက် ဆွေးနွေးဖို့ရှိတယ်လို့လည်း ဦးဇော်ဌေးကပြောပါတယ်။ “အဓိကကတော့ မြောက်ပိုင်း ၇ ဖွဲ့မှာ တိုက်ပွဲ ဖြစ်နေတဲ့ KIA/ KIO နဲ့လည်း တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုရှိတယ်။ နောက်သုံးဖွဲ့ပေါ့ TLNA၊ AA၊ MNDA အဲဒီသုံးဖွဲ့နဲ့လည်း တိုက်ပွဲတွေလျော့ချရေးနဲ့ ပတ်သက်ပြီး အဓိကထားပြီး ဆွေးနွေးဖို့ရှိပါတယ်။ ၀ မိုင်းလား SSPP တို့ကျတော့ NCA လက်မှတ်ရေးထိုးဖို့အတွက် ဆွေးနွေးဖို့တွေရှိတယ်”လို့ ပြောပါတယ်။ ဒီကနေ့ ညနေပိုင်းမှာတော့ မြောက်ပိုင်းအဖွဲ့တွေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လည်း တွေ့ဆုံဖို့ရှိ အစီအစဉ်ရှိနေပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းဝေးကို ဇူလိုင် ၁၁ ရက်ကနေ ၁၆ ရက်ထိ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာနမှာ ကျင်းပနေတာဖြစ်ပြီး မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေကတော့ တရုတ်အစိုးရရဲ့ ကြားဝင် ကူညီ ပေးမှုနဲ့ နေပြည်တော်ကို ရောက်ရှိလာတာပါ။
5 years Ago
Up