မြောက်ပိုင်းတပ်ဖွဲ့

May 25, 2017

ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ပိုင်းတပ်ဖွဲ့များတွေ့မည်ဟု ၀တပ်ဖွဲ့ပြော (ရုပ်သံ)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမယ်လို့  ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ  ပြင်ပဆက်ဆံရေးမှူးကြီး ဦးကျောက်ကော်အန်းကပြောကြားလိုက်ပါတယ်။ “ကျနော်တို့တော့ ဘာမှ ဆွေးနွေးတာမရှိဘူး။ ရင်းနှီးခင်မင်မှုကို ကြိုတင်ပြီး အဲဒီလိုမျိုး ထိတွေ့တာ ရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ လောလောဆယ် ချိန်းထားတာ မနက်ဖြန်။ အကြောင်းအရာတော့ လောလောဆယ်တော့ မရှိသေးပါဘူး။ ခင်မင်မှုအနေနဲ့ ရင်းနှီးမှု ရယူမှာပါ။ ကျနော်တို့ ပြောချင်တာတော့ တခုပဲ ရှိတယ်။ ဒီတခါ ကျနော်တို့ ဒီညီလာခံဖွင့်ပွဲကို ချောမွေ့ သွားဖို့ပဲ ဖြစ်တယ်။ လောလောဆယ် ကျနော်တို့ အဲဒီလောက်ပဲ သိခဲ့သေးတယ်။ တခြားတော့ မသိသေးဘူး။ အခုတော့ ကျနော်တို့ရဲ့ တောင်းဆိုချက်ပေါ့နော်။ ကျနော်တို့ ခုဖွဲ့ထားတဲ့ ကော်မတီ၊ နိုင်ငံရေး ရပ်တည်ချက်နဲ့ တောင်းဆိုချက်တော့ ကျနော်တို့ ရေးဆွဲထားတာ ရှိတယ်။ ဒါကတော့ ပြောမယ်ဆိုရင် ကြာရှည်သွားမယ်။ အဲဒါကို ကျနော်တို့ စာအုပ်ပုံစံနဲ့ ဖြန့်ပေးမယ်။” “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က ခေါင်းဆောင်တွေဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတက်ရောက်ဖို့ နေပြည်တော်မှာ ရောက်ရှိနေတာဖြစ်ပါတယ်။ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဒီကနေ့မွန်းလွဲပိုင်းက  ဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့  နေပြည်တော်မှာတွေ့ဆုံခဲ့ ပါတယ်။
4 years Ago

December 7, 2016

မြောက်ပိုင်းတပ်ဖွဲ့များအား အကြမ်းဖက်အဖွဲ့ သတ်မှတ်ရန် ရှမ်းပြည်လွှတ်တော် ဆုံးဖြတ်

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ အရေးကြီးအဆို ကို ရှမ်းပြည်လွှတ်တော်မှာ ထောက်ခံသူများလို့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။ အဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ ဦး ၀င်ရောက်ဆွေးနွေးခဲ့ကြပြီးတဲ့နောက် လွှတ်တော်ထဲ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၆၁ ဦး၊ ကန့်ကွက်သူ ၄၅ ဦးနဲ့ ကြားနေ ၇ ဦးရှိပြီး အဆို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးခဲ့ကြတဲ့ ကိုယ်စားလှယ်တွေထဲ တပ်ကိုယ်စားလှယ် ၂ ဦးနဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ် ၄ ဦးတို့က အဆိုကို ထောက်ခံဆွေးနွေးခဲ့ကြပြီး အန်အယ်လ်ဒီကိုယ်စားလှယ် ၁ ဦးက ကန့်ကွက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ အရေးကြီး အဆိုကို ရှမ်းပြည်လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် ပြည်နယ်အစိုးရက ဆက်လက်လုပ်ဆောင် ရတော့မှာ ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က တပ်မတော်ကို ပိုပြီး တွန်းအားပေးလိုက်သလို ဖြစ်သွားတယ်လို့ ပြောပါတယ်။ “ပြည်ထောင်စုမှာက ဒါကို တင်သွင်းခွင့် မပြုဘဲ ပိတ်ထားတယ်။ ရှမ်းပြည်နယ်လွှတ်တော် ကျတော့ သူ့ ပြည်နယ်ထဲမှာ သူလည်း လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ သဘောမျိုး ပြသတာပေါ့။ သူ့ ပြည်နယ်ထဲမှာ သူ မဲခွဲ လိုက်တယ်၊ မဲခွဲလိုက်ပြီး အကြမ်းဖက်အဖွဲ့အဖြစ် သူ သတ်မှတ်လိုက်တယ် ဆိုတာက ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို သူ ပို့လိမ့်မယ်။ ဆိုလိုခြင်းကတော့ ဒီအဆိုမရှိလည်း စစ်တပ်က ဒီ အော်ပရေးရှင်းကို လုပ်နေတာပဲ၊ အခုလို ဆုံးဖြတ်လိုက်တော့ သူ့ကို ပိုပြီး တွန်းအားပေးသလို ဖြစ်သွားတာပေါ့။” ရှမ်းပြည်နယ်လွှတ်တော်ကို ဒီဇင်ဘာ ၆ ရက်မှာ အရေးပေါ်ခေါ်ယူခဲ့တာဖြစ်ပြီး စတင်ခေါ်ယူတဲ့ နေ့မှာပဲ တပ်မတော်နဲ့ လတ်တလော တိုက်ပွဲဖြစ်နေကြတဲ့ ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေနဲ့ အေအေ တပ်ဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ အရေးကြီးအဆို တင်ခဲ့တာ ဖြစ်ပါတယ်။ မကြာခင်က ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အတွင်း ရှမ်းမြောက်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြစဉ်ကလည်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက အလားတူ အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ လွှတ်တော်ကို တင်ပြတောင်းဆိုခဲ့ဖူးပါတယ်။
5 years Ago
Up