မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်တွေကို ရပ်ဆိုင်းဖို့ အင်အားကြီးနိုင်ငံတွေနဲ့ ဆွေးနွေးပွဲ အစီအစဉ်ကို လက်ခံမှာ မဟုတ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့မှ လက်ခံမယ်ဆိုပြီး အောက်တိုဘာ ၁၇ ရက်နေ့က အမေရိကန်နိုင်ငံကို ဖိတ်ခေါ်လိုက်ပါတယ်။
အမေရိကန်သမ္မတနဲ့ တောင်ကိုရီးယား သမ္မတတို့ ၀ါရှင်တန်မြို့တော်မှာ တွေ့ဆုံပြီး မြောက်ကိုရီးယားနဲ့ အင်အားကြီးနိုင်ငံတို့ရဲ့ နျူကလီးယား ဆွေးနွေးပွဲတွေ ပြန်လုပ်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့အပြီး နောက်တရက်မှာ မြောက်ကိုရီးယားနိုင်ငံက အခုလို ထုတ်ပြန်ခဲ့တာပါ။
ဒီလိုမှမဟုတ်ဘဲ အမေရိကန်နိုင်ငံက တခြားနည်းလမ်းကို ရွေးချယ်မယ်ဆိုရင် ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား စမ်းသပ်မှုတွေ ဆက်ပြီးတွေ့မြင်ရမယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြား ကေအာတီက အောက်တိုဘာ ၁၈ ရက်နေ့မှာ ပြောဆိုသွားပါတယ်။
၂၀၀၈ ခုနှစ်က ၆ နိုင်ငံ နျူကလီးယား ဆွေးနွေးပွဲတွေ အလုပ်မဖြစ်ဘူးဆိုပြီး မြောက်ကိုရီးယားနိုင်ငံက ဆွေးနွေးပွဲက နုတ်ထွက်ခဲ့သလို နျူကလီးယားစမ်းသပ်မှု ၂ ကြိမ် ထပ်လုပ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကသာ ကိုရီးယားကျွန်းဆွယ် ပဋိပက္ခ အဆုံးသတ်နိုင်မယ်လို့လည်း မြောက်ကိုရီးယားနိုင်ငံက ပြောဆိုပါတယ်။
တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ ၁၉၅၀-၅၃ ခုနှစ်က စစ်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ယာယီစစ်ပြေငြိမ်းထားတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။
5 years Ago