မြောက်ကိုရီးယား ပြစ်တင်

December 4, 2017

အမေရိကန်နှင့်တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု မြောက်ကိုရီးယား ပြစ်တင်

လာမယ့်ရက်အနည်းငယ်အတွင်း ပြုလုပ်မယ့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို မြောက်ကိုရီးယားအစိုးရ ရုပ်မြင်သံကြားဌာနက ဒီဇင်ဘာ ၂ ရက်နေ့မှာ ကြေညာခဲ့တာပါ။ အခုပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားကို ဆန့်ကျင်တိုက်ခိုက်မယ့် အကြီးဆုံးလေကြောင်း စစ်ရေးလေ့ကျင့်မှုလို့ ပြောသွားပါတယ်။ ကိုရီးယား ကျွန်းဆွယ်အရေးကြောင့် ကမ္ဘာကြီးမှာ နျူကလီးယားစစ်ပွဲ ကြုံတွေ့ခဲ့ရင် အမေရိကန်အနေနဲ့ တာဝန်ယူရမယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီဇင်ဘာ ၄ ရက်ကနေ ၈ ရက်နေ့ထိ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ အခု ပူးတွဲစစ်ရေးလေ့ကျင်မှုမှာ တောင်ကိုရီးယားစစ်သားတွေနဲ့အတူ အမေရိကန်တပ်သား ၁ သောင်း ၂ ထောင်၊ တိုက်လေယာဉ် အစီး ၂၃၀ ထိ ပါဝင်လေ့ကျင့်ကြမယ်လို့ အမေရိကန် အမှတ် ၇ လေတပ်က ပြောကြားထားပါတယ်။ အမေရိကန် F-35 ရေဒါပျောက် လေယာဉ် ၆ စင်းနဲ့ F-22 တိုက်လေယာဉ် ၆ စင်းဟာ တောင်ကိုရီးယားနိုင်ငံကို ရောက်နေပြီလို့ တောင်ကိုရီးယားအခြေစိုက် ယွန်ဟပ် သတင်းအေဂျင်စီက ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
4 years Ago
Up