မြောက်ကိုရီးယား လျှို့ဝှက်ဒုံးကျည်အစီအစဉ် ဓာတ်ပုံများဖြင့် ဖော်ထုတ်ပြသ

August 24, 2017

မြောက်ကိုရီးယား လျှို့ဝှက်ဒုံးကျည်အစီအစဉ် ဓာတ်ပုံများဖြင့် ဖော်ထုတ်ပြသ

မြောက်ကိုရီးယားက အသစ်ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေဟာ မျှော်လင့်မထားလောက်အောင် တိုးတက်ဖြစ်ထွန်းနေတဲ့ ဒုံးကျည်အစီအစဉ်တွေကို ဖော်ထုတ်လိုက်ပုံရတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒီဓာတ်ပုံတွေထဲမှာ အရင်က မမြင်ဘူးတဲ့ ဒုံးကျည်အမျိုးအစားပုံတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဓာတ်ပုံတွေဟာ နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်လိုက်တဲ့ စစ်ဆေးရေးဓာတ်ပုံတွေဖြစ်ပြီး ဒါကို ဒုံးကျည်ကျွမ်းကျင်သူတွေက ချက်ချင်း တုံ့ပြန်ပြောဆိုလိုက်တာပါ။ “မြောက်ကိုရီးယားက သူတို့ရဲ့ တောင့်တင်းခိုင်မာတဲ့ ဒုံးကျည်အစီအစဉ်တွေ ပုံမှန်နှုန်းနဲ့ တိုးတက်နေတယ်လို့ ကျနော်တို့တွေကို ပြလိုက်တာ” လို့ နိုင်ငံတကာလေ့လာရေး မစ်ဒယ်လ်ဘယ်ရီ အင်စတီကျုမှ လက်ထောက် သုတေသနပညာရှင်တဦးဖြစ်သူ ဒေးဗစ်စကမ်မလာက စီအန်အန် သတင်းဌာနကို ပြောပါတယ်။ မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံ အကယ်ဒမီကျောင်းရဲ့ ဓာတုပစ္စည်း အင်စတီကျုကို ခေါင်းဆောင် ကင်မ်ဂျုံအန်း အလည်အပတ် သွားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန ကေစီအန်အေက သြဂုတ် ၂၃ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အင်စတီကျုအနေနဲ့ စွမ်းအင်နဲ့ အပူ ပိုမိုထုတ်လွှတ်နိုင်ပြီး ခိုင်မာတောင့်တင်းတဲ့ အင်ဂျင်တွေနဲ့ ဒုံးကျည်ထိပ်ဖူးတွေ ထုတ်လုပ်ဖို့ ကင်က ညွှန်ကြားထားတယ်လို့ သတင်းက ဖော်ပြပါတယ်။ နိုင်ငံတကာလေ့လာရေး မစ်ဒယ်လ်ဘယ်ရီ အင်စတီကျုမှ နောက်ထပ် လက်ထောက်သုတေသီ တဦးဖြစ်တဲ့ မိုက်ကယ်က “စွမ်းအင်နဲ့ အပူ ပိုမိုထုတ်လွှတ်နိုင်ပြီး ခိုင်မာတောင့်တင်းတဲ့ ဒုံးကျည်တွေက စီစဉ်သုံးစွဲဖို့ ပိုမြန်တယ်၊ လုပ်ဆောင်တဲ့အခါမှာလည်း ပိုလွယ်တယ်” လို့ ပြောပါတယ်။ အမေရိကန်နဲ့ ရုရှားပိုင် ပဲ့ထိန်းဒုံးကျည်တွေအားလုံးက စွမ်းအင်နဲ့ အပူ ပိုမိုထုတ်လွှတ်နိုင်ပြီး ခိုင်မာတောင့်တင်းတဲ့ ဒုံးကျည်ပုံစံတွေပဲလို့လည်း မိုက်ကယ်က ဆက်ပြောပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေထဲက တပုံမှာ မြောက်ကိုရီးယားခေါင်းဆောင်က ကြီးမားတဲ့ ကြေးနီရောင် သတ္တုပြွန်အကြီးကြီးရဲ့ ဘေးမှာ ရပ်နေတာကို တွေ့ရပါတယ်။ “ဒါက ဒုံးကျည်စမ်းသပ်မှုတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဒါက မြောက်ကိုရီးယားရဲ့ ဒုံးကျည်အစီအစဉ်တွေကို ကြည့်ရှုနေသူတွေအဖို့တော့ အင်မတန် စိတ်အနှောင့်အယှက်ဖြစ်စရာ၊ စိတ်ရှုပ်ထွေးစရာ သတိပေးမှုပါပဲ” လို့ မိုက်ကယ်က ဆက်ပြောကြောင်း စီအန်အန်သတင်းမှာ သြဂုတ် ၂၄ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up