မြောက်ကိုရီးယား အစိုးရဟာ အမျိုးအမည် မသိရသေးတဲ့ ဒုံးကျည်တစီးကို စက်တင်ဘာ ၁၅ ရက် အစောပိုင်းက ပစ်လွှတ်ခဲ့တဲ့အပေါ် ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။
မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းကို ဖြတ်ကျော်ပျံသန်းပြီး ပစိဖိတ်သမုဒ္ဒရာထဲကို ကျခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်အရာရှိတွေက ပြောပါတယ်။
မြောက်ကိုရီးယားက လတ်တလော စမ်းသပ်ထားတဲ့ အင်အားပြင်း နျူကလီးယားဗုံး စမ်းသပ်ချက်ကြောင့် ဒေသတွင်း တင်းမာမှု မြင့်နေချိန်မှာ နောက်တချီ ဒုံးကျည်စမ်းသပ်တာပါ။
ဒုံးကျည်ဟာ ဂျပန်နိုင်ငံကို ဖြတ်ကျော်ပြီး ဟော့ကိုင်းဒိုးကျွန်းရဲ့ အရှေ့ဘက် မိုင် ၁၂၄၀ အကွာက ပစိဖိတ်သမုဒ္ဒရာထဲကို ကျခဲ့တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှိဟိဒဲ စုငက သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
“မြောက်ကိုရီးယား အနောက်ဘက် ကမ်းရိုးတန်းကနေ အရှေ့မြောက်ဘက်ကို ပဲ့ထိန်းဒုံးကျည်တစီး ပစ်လွှတ်ခဲ့တယ်၊ ဒေသစံတော်ချိန် မနက် ၆ နာရီ ၅၇ မိနစ်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ဟော့ကိုင်းဒိုးကျွန်းကို မနက် ၇ နာရီ ၄ မိနစ်ကနေ ၆ မိနစ်ထိ ၂ မိနစ်ကြာ ဖြတ်သန်းခဲ့တယ်။ မနက် ၇နာရီ ၁၆ မိနစ်မှာ ပစိဖိတ်သမုဒ္ဒရာအတွင်း ကိပ်အာရီမို အငူရဲ့ အရှေ့ဘက် ကီလို ၂ ထောင်အကွာ ရေထဲကို ကျခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။
ဒီလုပ်ရပ်ကြောင့် ဒေသတွင်း သင်္ဘောတွေ၊ လေကြောင်းလိုင်းတွေ ထိခိုက်ပျက်စီးတဲ့ သတင်းအချက်အလက်တွေလည်း မရှိခဲ့ကြောင်း၊ မြောက်ကိုရီးယားရဲ့ ထပ်ခါတလဲလဲ ရန်စမှုကို လုံးဝ လက်သင့်မခံနိုင်ကြောင်းနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့သာမက တောင်ကိုရီးယား၊ အမေရိကန်အစိုးရတွေနဲ့လည်း အတူ နီးနီးကပ်ကပ် အလုပ်လုပ်သွားမယ်လို့ ဆိုပါတယ်။
အမျိုးအစား မဖော်ထုတ်ရသေးတဲ့ ဒီဒုံးကျည်ဟာ အမြင့် မိုင် ၄၈၀ ထိရောက်ခဲ့ပြီး မိုင် ၂၃၀၀ အကွာအဝေးကို ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။
ဒါဟာ အမေရိကန်ရဲ့ ပစိဖိတ် ပိုင်နက် ဂူအမ်ကျွန်းကို ရောက်နိုင်တဲ့ အကွာအဝေးလည်း ဖြစ်ပါတယ်။
အရင်လကလည်း မြောက်ကိုရီးယားဟာ ဒုံးကျည်တစီးကို အလားတူ နေရာကနေ ဟော့ကိုင်းဒိုးကျွန်းရဲ့ ကမ်းလွန် သမုဒ္ဒရာထဲကို ပစ်လွှတ် စမ်းသပ်ခဲ့ဖူးပါတယ်။
5 years Ago