မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးကျည်တစင်းကို မေလ ၃၁ ရက်နေ့ အစောပိုင်းက နိုင်ငံအရှေ့ဘက်ကမ်းမှာ စမ်းသပ်ပစ်လွှတ်ဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်ခဲ့ပုံမရဘူးလို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
စမ်းသပ်ခဲ့တဲ့ ဒုံးကျည်အမျိုးအစား အတိအကျကို မသိရပေမယ့် ပြီးခဲ့တဲ့ ဧပြီလကလည်း တာလတ်ပစ် မူစူဒန်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုဟာ ၃ ကြိမ်မြောက် မအောင်မမြင် ဖြစ်ခဲ့ပါတယ်။
ကုလသမဂ္ဂအဖွဲ့ကြီးက မြောက်ကိုရီးယားနိုင်ငံကို ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခွင့် ပိတ်ပင်ထားပေမယ့် ပြီးခဲ့တဲ့လတွေကလည်း ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ၊ နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီစမ်းသပ်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်တခုလုံး တင်းမာမှုတွေ ဖြစ်ပွားနေပြီး ကုလသမဂ္ဂကလည်း ပိတ်ပင်အရေးယူမှုတွေ တိုးမြှင့်လိုက်ပါတယ်။
တောင်ကိုရီးယား စစ်ဦးစီးချုပ်များ အဖွဲ့ကတော့ နိုင်ငံအရှေ့ဘက်ကမ်းက ၀မ်ဆန်မြို့နားမှာ စမ်းသပ်ပစ်လွှတ်ခဲ့တာလို့ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံက ယွန်ဟပ် သတင်းအေဂျင်စီကတော့ အရင် ၃ ကြိမ်လုံး စမ်းသပ်မှု မအောင်မြင်ခဲ့တဲ့ မူစူဒန် တာလတ်ပစ်ဒုံးကျည်ပဲ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဒီဒုံးကျည်ဟာ သူ့ရဲ့သီအိုရီအရတော့ ဂျပန်နိုင်ငံနဲ့ ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ပိုင် ကျွန်းတကျွန်းဖြစ်တဲ့ ဂူအမ်ကျွန်းအထိ ရောက်ရှိနိုင်ပေမယ့် တကြိမ်မှ စမ်းသပ်မှု မအောင်မြင်သေးပါဘူး။
5 years Ago