မြောက်ကိုရီးယား စားပွဲထိုးမိန်းကလေးများကိစ္စ စုံစမ်းစစ်ဆေးနေဟု ကုလကိုယ်စားလှယ် ပြော

December 15, 2017

မြောက်ကိုရီးယား စားပွဲထိုးမိန်းကလေးများကိစ္စ စုံစမ်းစစ်ဆေးနေဟု ကုလကိုယ်စားလှယ် ပြော

မြောက်ကိုရီးယား စားပွဲထိုးမိန်းကလေးတွေကို တရုတ်နိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို အတင်းအကျပ် ခေါ်ဆောင်သွားတယ်လို့ မြောက်ကိုရီးယားက  စွပ်စွဲပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားက ဒီဇင်ဘာ ၁၄ ရက်က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယား စားပွဲထိုးမိန်းကလေး ၁၂ ဦးဟာ တရုတ်နိုင်ငံကနေ အလိုမတူဘဲ တောင်ကိုရီးယားနိုင်ငံကို မနှစ်က ခေါ်ဆောင်သွားတာဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားတာပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ၄ ရက်ကြာ အလည်အပတ်ခရီး သွားရောက်ခဲ့တယ်လို့လည်း မြောက်ကိုရီးယားမှာရှိတဲ့ ကုလအထူးကိုယ်စားလှယ် ကင်တားနားက ပြောပါတယ်။ မြောက်ကိုရီးယားက စွပ်စွဲပြောကြားရာမှာ စားပွဲထိုးမိန်းကလေး ၁၂ ဦးနဲ့အတူ ထွက်ပြေးခဲ့တဲ့ မန်နေဂျာ ၁ ဦးဟာ လိမ်လည်ပြီး တောင်ကိုရီးယားကို သွားရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီအမျိုးသမီး ၁၂ ဦးကို ပြန်ပို့ပေးဖို့ မြောက်ကိုရီးယားက တောင်းဆိုထားပါတယ်။ တောင်ကိုရီးယားဘက်က ပြောကြားရာမှာ အဲဒီအမျိုးသမီးတွေဟာ သူတို့သဘောဆန္ဒအလျောက် လာရောက်တာဖြစ်ပြီး လူသားချင်းစာနာမှု အခြေခံနဲ့ ကြည့်ရှုစောင့်ရှောက်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းရင်းမြစ်တချို့ရဲ့ ပြောစကားအရ တောင်ကိုရီးယားမှာ ရောက်ရှိနေတဲ့ အဲဒီအမျိုးသမီး ၁၂ ဦးထဲမှာ တချို့ဟာဆိုရင် တက္ကသိုလ်ကျောင်း တက်ရောက်နေသူတွေတောင် ရှိတယ်လို့ အဲဒီအမျိုးသမီးတွေနဲ့ တွေ့ဆုံဖူးတဲ့ လူတွေက ပြောကြားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up