မြောက်ကိုရီးယား၏ အကြီးဆုံး စစ်အင်အားပြပွဲ (ရုပ်သံ)

April 27, 2017

မြောက်ကိုရီးယား၏ အကြီးဆုံး စစ်အင်အားပြပွဲ (ရုပ်သံ)

မြောက်ကိုရီးယားတပ်မတော် ထူထောင်ခြင်း ၈၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အဆိုအရ အကြီးဆုံး စစ်အင်အားပြပွဲကြီးကို ကျင်းပခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာတွေက ဧပြီ ၂၆ ရက်မှာ ကြေညာပါတယ်။ မြောက်ကိုရီးယား ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေ အားလုံးပါဝင်တဲ့ ဒီပူးတွဲစစ်ရေးပြပွဲကြီးကို နိုင်ငံအရှေ့ပိုင်းက Wonsan မြို့မှာ မီးကုန်ယမ်းကုန် ကျင်းပခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် တက်ရောက်အားပေးခဲ့တယ်လို့ အာဏာရ အလုပ်သမားပါတီရဲ့ သတင်းစာက ဆိုပါတယ်။ ကမ်းရိုးတန်းတလျှောက် အမြောက်ကြီးတွေ ၃၀၀ ကျော် တန်းစီပစ်ခတ်မှု ပုံတွေကိုလည်း အစိုးရပိုင် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ မြောက်ကိုရီးယား ရေငုပ်သင်္ဘောတွေကလည်း တော်ပီဒိုဒုံးကျည်တွေ ပစ်ခတ်ခဲ့ကြပြီး မြောက်ကိုရီးယား လေတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီစစ်အင်အားပြပွဲကြီးဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်ရှိစစ်အင်အားကို အပြည့်အဝ ထင်ဟပ်ပြသခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ ရန်သူတွေကို မီးကုန်ယမ်းကုန် တိုက်ခိုက်ချေမှုန်းပစ်မယ်လို့ ခေါင်းဆောင် ကင်ဂျုံအန်းက ပြောဆိုခဲ့ပါတယ်။ တဘက်မှာလည်း တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန် လေယာဉ်တင်သင်္ဘောနဲ့ ရေငုပ်သင်္ဘောတွေ ရောက်ရှိနေပြီး မြောက်ကိုရီးယားနဲ့ နယ်စပ်နားမှာ အမေရိကန်လေတပ်နဲ့ တောင်ကိုရီးယားတပ်မတော်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ အပြင်းအထန် လုပ်ဆောင်နေကြပါတယ်။
4 years Ago
Up