မြောက်ကိုရီးယားပြည်သူ ထောင်သောင်းချီ တက်ရောက်သည့် လူထုစည်းဝေးပွဲကြီး ကျင်းပ

May 11, 2016

မြောက်ကိုရီးယားပြည်သူ ထောင်သောင်းချီ တက်ရောက်သည့် လူထုစည်းဝေးပွဲကြီး ကျင်းပ (ရုပ်သံ)

မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီကြီးရဲ့ ၄ ရက်ကြာ ညီလာခံအပြီး မေလ ၁၀ ရက်နေ့က မြို့တော်ရင်ပြင်မှာ လူထုစည်းဝေးပွဲကြီး ကျင်းပခဲ့ပြီး မြောက်ကိုရီးယားပြည်သူ ထောင်သောင်းချီ တက်ရောက်ခဲ့ကြပါတယ်။ ပါတီညီလာခံကို နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံး ကျင်းပတာဖြစ်ပြီး ခေါင်းဆောင် ကင်ဂျုံအန်းကို ညီလာခံက ပါတီဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်တဲ့အတွက် မြောက်ကိုရီးယားနိုင်ငံရဲ့ အကြွင်းမဲ့ခေါင်းဆောင် ဖြစ်လာပါတယ်။ ဒီညီလာခံမှာပဲ ကင်ဂျုံအန်းရဲ့ အစ်မဖြစ်သူ ကင်ယို-ဂျွန်း (Kim Yo-jong) ကိုလည်း ပါတီ ဗဟိုကော်မတီဝင်အဖြစ် ခန့်အပ်ခဲ့တယ်လို့ အစိုးရပိုင်မီဒီယာက မေလ ၁၀ ရက်နေ့မှာ ကြေညာပါတယ်။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့အတူ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယား စွမ်းရည်ကိုလည်း ဆက်လက်မြှင့်တင်သွားဖို့ ပါတီမူဝါဒတွေအဖြစ် ညီလာခံက ဆုံးဖြတ်ခဲ့ပါတယ်။ အဓိက မဟာမိတ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ဒီညီလာခံကို ကိုယ်စားလှယ် စေလွှတ်ခဲ့ခြင်း မရှိခဲ့ပေမယ့် ခေါင်းဆောင် ကင်ဂျုံအန်းကို ပါတီဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့တဲ့အတွက် ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ဒီနှစ်ထဲမှာ ၅ ကြိမ်မြောက် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲခဲ့တဲ့အတွက် မဟာမိတ် တရုတ်နိုင်ငံနဲ့လည်း ဆက်ဆံရေး မကြည်မသာ ဖြစ်ခဲ့ပါတယ်။ မေလ ၁၀ ရက်နေ့ လူထုစုဝေးပွဲကို ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး ချီတက်အလေးပြုခဲ့တဲ့ ထောင်သောင်းချီတဲ့ ပြည်သူတွေကို လက်ဝှေ့ရမ်း နှုတ်ဆက်ခဲ့ပါတယ်။
6 years Ago
Up