မြောက်ကိုရီးယားသံအမတ်

March 7, 2017

မလေးရှားမှ နှင်ထုတ်ခံရသည့် မြောက်ကိုရီးယားသံအမတ်နှင့် မိသားစု တရုတ်နိုင်ငံရောက်ရှိ

မလေးရှားကနေ နှင်ထုတ်ခံရတဲ့ မြောက်ကိုရီးယားသံအမတ်နဲ့ မိသားစု မတ်လ ၇ ရက်နေ့က တရုတ်နိုင်ငံ ဘေဂျင်း အပြည်အပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာကြောင်း တရုတ်အစိုးရရုပ်သံဌာန စီစီတီဗွီ သတင်းထောက်က အတည်ပြုပြောဆိုပါတယ်။ မြောက်ကိုရီးယားသံအမတ်နဲ့ မိသားစုဟာ မလေးရှားကနေ လေယာဉ်နံပါတ် MH-360 နဲ့ မနေ့ည ၁၂ နာရီကျော်ကျော်လောက်မှာ ဘေဂျင်းလေဆိပ်ကို ရောက်ရှိလာတာဖြစ်ပြီး ဘေဂျင်းရှိ မြောက်ကိုရီးယားသံရုံးက ကားနဲ့လာကြိုသွားတယ်လို့ သူက ဆိုပါတယ်။ သံအမတ်မိသားစုဟာ ဘေဂျင်းမှာ တညအိပ်ပြီး မနက်ဖြန်မွန်းလွဲပိုင်းလောက်မှာ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့ကို ထွက်ခွာမှာဖြစ်ကြောင်း စီစီတီဗွီသတင်းထောက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago

March 6, 2017

နှင်ထုတ်ခံရသည့် မြောက်ကိုရီးယားသံအမတ် မလေးရှားမှ ထွက်ခွာ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့အစ်ကို အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံက နှင်ထုတ်ခံရတဲ့ မြောက်ကိုရီးယားသံအမတ်ဟာ ဒီနေ့ ကွာလာလမ်ပူလေဆိပ်ကနေ ထွက်ခွာသွားပါတယ်။ ကင်ဂျုံအန်းရဲ့အစ်ကို ကင်ဂျုံနမ် အသတ်ခံရမှုကို မလေးရှားအစိုးရက စုံစမ်းစစ်ဆေးမှုဟာ တခြား ပြည်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကြံစည်မှုဖြစ်တယ်၊ မယုံကြည်ရဘူးလို့ မြောက်ကိုရီးယားသံအမတ်က ပြစ်တင်ဝေဖန်ခဲ့တာပါ။ ဒါကြောင့် မလေးရှားအစိုးရက သံအမတ်ကို မတ်လ ၆ ရက် ညနေ ၆ နာရီ နောက်ဆုံးထားပြီး မလေးရှားနိုင်ငံက ထွက်ခွာဖို့ ထုတ်ပြန်ခဲ့တာပါ။ ပြီးခဲ့တဲ့လက ကင်ဂျုံနမ် ကွာလာလမ်ပူလေဆိပ်မှာ အသတ်ခံခဲ့ရပြီးနောက်ပိုင်း မလေးရှားအစိုးရက သူ့ရဲ့သံအမတ်ကို ပြန်ခေါ်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့် ပေးထားတာကိုလည်း ဒီနေ့ကစပြီး ဖျက်သိမ်းလိုက်ပါတယ်။ ကင်ဂျုံနမ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မလေးရှားအစိုးရက မြောက်ကိုရီးယားသံရုံး အဆင့်မြင့်ဝန်ထမ်းတဦးနဲ့ မြောက်ကိုရီးယားလေကြောင်းလိုင်း ဝန်ထမ်းတဦးတို့ မေးမြန်းစစ်ဆေးဖို့ကိုလည်း မြောက်ကိုရီးယားအစိုးရက ငြင်းဆန်ထားပါတယ်။
5 years Ago

၄၈ နာရီအတွင်း တိုင်းပြည်မှထွက်ခွာရန် မြောက်ကိုရီးယားသံအမတ်ကို မလေးရှားအစိုးရ အမိန့်ပေး

ကင်ဂျုံနမ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မလေးရှားအစိုးရအပေါ် ဝေဖန်တဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကို လက်မခံနိုင်တဲ့ သံတမန်အဖြစ် မလေးရှားအစိုးရက သတ်မှတ်လိုက်ပြီး တိုင်းပြည်ကနေ ၄၈ နာရီအတွင်း ထွက်ခွာဖို့ မတ်လ ၄ ရက်နေ့က အမိန့်ပေးလိုက်ပါတယ်။ မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ကန်ချွယ်လ်ဟာ ကင်ဂျုံနမ် အသတ်ခံရမှုအပေါ် မလေးရှားရဲ့ ကိုင်တွယ်ဖြေရှင်းမှုကို အယုံအကြည် မရှိကြောင်းနဲ့ မလေးရှားအစိုးရအပေါ်မှာ နိုင်ငံတကာဖိအားတွေ ရှိနေကြောင်း ပြီးခဲ့တဲ့လက ဝေဖန်ခဲ့ပါတယ်။ သံတမန်နည်းအရ ကြည့်မယ်ဆိုရင် ဒီဝေဖန်မှုဟာ ရိုင်းစိုင်းတယ်လို့ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်က ပြောပါတယ်။ ဒီ့အတွက် တရားဝင်တောင်းပန်ဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုရီးယားသံအမတ်ကို တရားဝင် ကြေညာချက်ထုတ်ပြီး တောင်းဆိုခဲ့ပေမယ့် မြောက်ကိုရီးယားဘက်က တုံ့ပြန်မှု မရှိပါဘူး။ ဒါကြောင့် မတ်လ ၄ ရက်နေ့မှာတော့ မြောက်ကိုရီးယားသံအမတ်ကို လက်မခံနိုင်တဲ့ ရိုင်းစိုင်းတဲ့ သံတမန်အဖြစ် မလေးရှားအစိုးရက တရားဝင်ကြေညာလိုက်ပြီး တိုင်းပြည်ကနေ ၄၈ နာရီအတွင်း ထွက်ခွာဖို့ အမိန့်ပေးခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago
Up