မြောက်ကိုရီးယားသံတမန် ပူးပေါင်းမှုမလုပ်ပါက နှင်ထုတ်မည်ဟု မလေးရှား ပြော

February 26, 2017

မြောက်ကိုရီးယားသံတမန် ပူးပေါင်းမှုမလုပ်ပါက နှင်ထုတ်မည်ဟု မလေးရှား ပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ အဖေတူ အမေကွဲ အစ်ကို ကင်မ်ဂျုံနမ်ကို သတ်မှုနဲ့ပတ်သက်ပြီး ရဲတွေက စစ်ဆေးမေးမြန်းဖို့လိုအပ်နေပြီး မြောက်ကိုရီးယား သံတမန်အနေနဲ့ ပူးပေါင်းမှုမရှိခဲ့ရင် တိုင်းပြည်ကနေ နှင်ထုတ်မယ်လို့ မလေးရှား အစိုးရက ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြောပါတယ်။ ရဲတွေက နောက်ထပ် အရေးယူမှု မလုပ်ခင် ထွက်လာဖို့ သင့်တော်တဲ့ အချိန်ပေးထားမယ် လို့လည်း စီလန်ဂေါပြည်နယ် ရဲချုပ် အဘ်ဒူ စာမာ မတ်က ပြောပါတယ်။ မြို့တော် ကွာလာ လမ်ပူက မြောက်ကိုရီးယားသံရုံးရဲ့ ဒုတိယအတွင်းဝန် ဟွမ်ကွမ်ဆောင်းကို လူသတ်မှုနဲ့ ပတ်သက်ပြီး စစ်မေးဖို့ လိုချင်တယ်လို့ မလေးရှား အစိုးရက ပြောပါတယ်။ “ဒီလူက စုံစမ်းစစ်ဆေးရေး အဖွဲ့ဆီ မလာခဲ့ရင် မလေးရှား ဥပဒေအရ ရဲတွေက သတိပေးစာ ထုတ်ပြန်မယ်” လို့ သူက ဆက်ပြောပါတယ်။ လူသတ်မှုနဲ့ပတ်သက်ပြီး သံတမန် အပါအဝင် မြောက်ကိုရီးယား နိုင်ငံသား ၈ ယောက်ကို မလေးရှား ရဲတွေက လိုချင်နေတာပါ။ တယောက်ကို ဖမ်းမိပြီး လေးယောက်က မြောက်ကိုရီးယားဆီ ထွက်ပြေး လွတ်မြောက်သွားပြီ ၂ ယောက်က မလေးရှား နိုင်ငံထဲမှာ ရှိနေသေးတယ်လို့ ရဲတွေက ယုံကြည်ထားပါတယ်။ လူသတ်မှုမှာ သုံးခဲ့တဲ့ ရေဒီယို သတ္တိကြွ အာရုံကြော အဆိပ်ကို ရှင်းဖို့ သံသယရှိသူ နေထိုင် လည်ပတ်ခဲ့တဲ့ နေရာတွေနဲ့ ကွာလာလမ်ပူ လေဆိပ်တို့ကို ရှင်းလင်းရေးလုပ်သွားမယ်လို့ ရဲချုပ် ခါလစ်က ပြောပါတယ်။ ရှင်းလင်းရေး လုပ်ငန်းစဉ် အသေးစိတ်ကိုတော့ ရဲတွေက မဖြေခဲ့ပါဘူး။ ဒီဓာတု အဆိပ်ကို မလေးရှားနိုင်ငံထဲမှာပဲ ဖော်စပ်သလား၊ ပြည်ပက တင်သွင်းလာတာလား ဆိုတာ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ရဲတွေက ပြောခဲ့ပါတယ်။
4 years Ago
Up