အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စစ်မီးရှို့ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပြီး အဲ့ဒီအတွက် မီးမိုးရွာချတာ ခံရမယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။
ထရမ့်ဟာ တွစ်တာပေါ်မှာ စစ်ကြေညာနေတယ်လို့ ပြီးခဲ့တဲ့လက အခိုင်အမာ ပြောဆိုခဲ့တဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟိုက ဒီလိုကြမ်းတမ်းတဲ့စကားကို ပြောလိုက်တာပါ။
အမေရိကန်သမ္မတကလည်း ကင်ဂျုံအန်း အာဏာရှင်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတဲ့ အမြင်တွေက အချိန်ကုန်တယ်လို့ ပြောခဲ့ပြီး ကုလသမဂ္ဂမှာ ပြောခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းထဲမှာလည်း မြောက်ကိုရီးယားသမ္မတကို ဒုံးကျည်လူသားလို့ အမည်တပ်ခဲ့ပါသေးတယ်။
“ကုလသမဂ္ဂညီလာခံမှာ ထရမ့်ရဲ့ ရန်လိုပြီး ရူးရူးမိုက်မိုက် ပြောခဲ့တာက ကျနော်တို့နဲ့ စစ်ဖြစ်ဖို့ သူ စစ်မီးရှို့လိုက်တာ” လို့ အောက်တိုဘာ ၁၁ ရက်နေ့မှာ ရီယွန်ဟို ပြောဆိုခဲ့ကြောင်း တီအေအက်စ်အက်စ် သတင်းဌာနက ဖော်ပြပါတယ်။
“ကျနော်တို့ဘက်ကလည်း စကားလုံးတွေနဲ့မဟုတ်ဘူး၊ မီးမိုးရွာချပြီး ဖြေရှင်းဖို့လိုတယ်” လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟိုက ပြောခဲ့ပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ဒေါ်နယ်ထရမ့်ရဲ့ တွစ်တာပေါ်က မှတ်ချက်ဟာ ရှင်းရှင်းလင်းလင်း စစ်ကြေညာလိုက်တာလို့ စွပ်စွဲပြောဆိုလိုက်ပြီး ထရမ့်ကိုလည်း ယုတ်မာတဲ့သမ္မတလို့ ခေါ်ခဲ့ပါတယ်။
လက်နက်အစီအစဉ်တွေနဲ့ပတ်သက်ပြီး အမေရိကန်က စေ့စပ်ဆွေးနွေးမယ့်အပေါ် မြောက်ကိုရီးယားက ငြင်းဆန်ကောင်း ငြင်းဆန်မယ်လို့ ရီယွန်ဟိုက ပြောလိုက်ပြီး “အမေရိကန်နိုင်ငံနဲ့ အာဏာတန်းတူဖြစ်ဖို့ ကျနော်တို့ရဲ့ နောက်ဆုံးပန်းတိုင်ကို ရောက်လုနီးပါး ဖြစ်နေပါပြီ” လို့လည်း မစ္စတာရီက ပြောပါတယ်။
“ကျနော်တို့ရဲ့ မူဝါဒအနေနဲ့ နျူကလီးယားလက်နက်တွေကို ဦးတည်ပြီး တွေ့ဆုံဆွေးနွေးဖို့ အကြောင်းအရာ ဖြစ်လာစေမယ့် ဘယ်ဆွေးနွေးမှုမျိုးကိုမဆို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး” လို့လည်း မစ္စတာရီက ပြောခဲ့တာပါ။
ပြီးခဲ့တဲ့လ ကုလသမဂ္ဂညီလာခံအတွင်း ထရမ့်ရဲ့ ပထမဦးဆုံးမိန့်ခွန်းမှာ မြောက်ကိုရီးယားက စစ်ရေးအရလုပ်ဆောင်ဖို့ ဖိအားပေးလာခဲ့ရင် မြောက်ကိုရီးယားကို အမေရိကန်က လုံးဝဖျက်ဆီးမယ်လို့ ပြောခဲ့သလို ကင်ဂျုံအန်းကိုလည်း ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့အလုပ် လုပ်နေတဲ့ ဒုံးကျည်လူသားလို့ ထရမ့်က လှောင်ပြောင်ခဲ့ပါသေးတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံရဲ့ စစ်ရေးအစီအစဉ်တွေကို မြောက်ကိုရီးယား ဟက်ကာက ခိုးယူခဲ့တာကို သိရှိခဲ့ပြီး ထရမ့်က မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီးယား အစီအစဉ်တွေကို ရပ်တန့်ဖို့ စစ်ရေးနည်းလမ်းတခုပဲ ရှိတယ်လို့ အကြံပြုခဲ့ကြောင်း မေရာသတင်းမှာ အောက်တိုဘာ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago