မြောက်ကိုရီးယားမှ

August 26, 2017

မြောက်ကိုရီးယားမှ ပင်လယ်ထဲ ဒုံးကျည် ၃ စင်း ပစ်လွှတ်

မြောက်ကိုရီးယားက တာတိုပစ် ဘယ်လစ်စတစ်ဒုံးကျည် ၃ စင်း ပစ်လွှတ်လိုက်တယ်လို့ အမေရိကန်စစ်တပ်က ပြောလိုက်ပါတယ်။ ဒုံးကျည် ၃ စင်းကို မြောက်ကိုရီးယား ဂန်ဝွန်းခရိုင်ဘက်ခြမ်းကနေ ပစ်လွှတ်တာဖြစ်ပြီး ဒုံးကျည်တွေက ၂၅၀ ကီလိုမီတာ (၁၅၀ မိုင်) ပျံသန်းရောက်ရှိတယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။ ဒုံးကျည်တွေကို ဒေသစံတော်ချိန် သြဂုတ် ၂၆ ရက် မနက် ၆ နာရီ ၄၉ မိနစ်အချိန်မှာ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောသလို အမေရိကန် စစ်တပ်ကလည်း ဒုံးကျည် ၃ စင်း ပစ်လွှတ်တယ်လို့ ပြောပါတယ်။ “ပထမနဲ့ တတိယဒုံးကျည်က ပစ်လွှတ်တာ အောင်မြင်မှု မရှိဘူး။ ဒါပေမယ့် ဒုတိယ ပစ်လွှတ်တဲ့ဒုံးကျည်က အောင်မြင်ပစ်လွှတ်နိုင်ခဲ့တယ်၊ ချက်ချင်းလိုလို ပေါက်ကွဲပုံရတယ်” လို့ အမေရိကန် ပစိဖိတ်ရေတပ်ရဲ့ တပ်မှူး ဒေ့ဗ်ဘန်ဟမ်က ပြောပါတယ်။ ပစ်ခတ်မှုက မိနစ် ၃၀ ကျော်ကြာအောင် ပျံ့နှံ့ခဲ့တယ်လို့ အမေရိကန်တပ်မှူးက ပြောပြီး “စစ်တပ်ကတော့ မြောက်ကိုရီးယားရဲ့ နောက်ထပ်လုပ်မယ့် ရန်စမှု လုပ်ရပ်တွေကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတယ်” လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောကြောင်း ဘီဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့လက တိုက်ချင်းပစ် ဘယ်လစ်စတစ်ဒုံးကျည်တွေ ပစ်လွှတ်ပြီးကတည်းက ပြုံယမ်းက ပစိဖိတ်သမုဒ္ဒရာရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ဒုံးကျည်တွေ ပစ်လွှတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ ဒါပေမယ့် အခု နောက်ဆုံး ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုက အမေရိကန်ကိုရော၊ ဂူအမ်ကျွန်းကိုရော ခြိမ်းခြောက်ထိခိုက်မှု မရှိဘူးလို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်မှုတွေ လုပ်တာကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုတွေ မကြာခဏလုပ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်တွေက ကွန်ပျူတာစနစ်နဲ့ တုံ့ပြန်တိုက်ခိုက်တဲ့ စစ်ရေးလေ့ကျင်မှုတွေ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။
4 years Ago
Up