မြောက်ကိုရီးယားဒုံးကျည်များကို ပြန်လည်ပစ်ခွင်းနိုင်ရေး အမေရိကန် စမ်းသပ်မည် (ရုပ်သံ)

April 19, 2017

မြောက်ကိုရီးယားဒုံးကျည်များကို ပြန်လည်ပစ်ခွင်းနိုင်ရေး အမေရိကန် စမ်းသပ်မည် (ရုပ်သံ)

မြောက်ကိုရီးယားက ပစ်လွှတ်မဲ့ ဒုံးကျည်တွေကို ပြန်လည်ပစ်ချနိုင်မယ့် စိန်ခေါ်မှုကြီးမားတဲ့ အဓိက စမ်းသပ်ပစ်ခတ်မှု နှစ်ခုကို ပင်တဂွန်က မေလမှာ လုပ်ဆောင်မယ်လို့ စီအန်အန်ရဲ့ ဧပြီ ၁၉ ရက်နေ့သတင်းမှာ ရေးထားပါတယ်။ အီရန် ဒါမှမဟုတ် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ပစိဖိတ်သမုဒ္ဒရာထဲမှာ ရေရှည်လုပ်ဆောင်လာခဲ့တဲ့ စမ်းသပ်ပစ်ခတ်မှုတွေဟာ အမေရိကန်စစ်တပ်ရဲ့ ဘယ်လစ်စတစ် ပဲ့ထိန်းဒုံးကျည်တွေကို ကာကွယ်ဖို့ အစီအစဉ်တွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ အခုတော့ အနည်းဆုံး မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို အမေရိကန်က ကာကွယ်နိုင်ဖို့ သေချာအောင် ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ စမ်းသပ်ပစ်ခတ်မှုတွေထဲက တစ်ခုအနေနဲ့ အမေရိကန်ရေတပ်က အဆင့်မြှင့်ထားတဲ့ ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်မှာလို့ ကာကွယ်ရေး အရာရှိတစ်ဦးက ပြောခဲ့ပြီး ပစ်ခတ်မှု အကွာအဝေးတွေအတွက် စိတ်ချရတဲ့ ကြီးမားကျယ်ဝန်းလှတဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာ စမ်းသပ်မှုတွေကို လုပ်ဆောင်မယ်လို့ သိရပါတယ်။ အဆင့်မြှင့်ထားတဲ့ ဒုံးကျည်ကို အရင်က တစ်ကြိမ်သာ စမ်းသပ်ပစ်ခတ်ဖူးပြီး ဒုံးကျည်ပုံစံအသစ်မှာ အဆင့်မြှင့်ထားတဲ့ ထိပ်ဖူးနဲ့ အဟုန်မြင့်ဒုံးစက်တွေပါတယ်လို့ ဆိုပါတယ်။ ဒုံးကျည်အသစ်က မြောက်ကိုရီးယား ပင်လယ်ကမ်းရိုးတန်းအလွန်ကိုတောင် ရောက်နိုင်ခြေရှိမဲ့ ပိုမိုကွာဝေးတဲ့နေရာတွေအထိ ပစ်ခတ်နိုင်မှာဖြစ်ပြီး ခြိမ်းခြောက်ရောက်လာမယ့် ဒုံးကျည်တွေကို ထိမှန်ပစ်ခွင်းဖို့ ပိုမိုအခွင့်အလမ်းရှိတယ်လို့လည်း သိရပါတယ်။ ဒီအစီအစဉ်ကို တိုးတက်အောင် ဂျပန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယား အင်တာမီဒီယိတ်-ရိန့်ခ်ျ (intermediate-range) ဒုံးကျည်လို့ ခေါ်တဲ့ ကီလိုမီတာ ၃၀၀၀ မှ ၅၅၀၀ အထိရောက်နိုင်မဲ့ ဒုံးကျည်တွေကို ပြန်လည်ပစ်ခွင်းနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ဒီစမ်းသပ်မှုကို ပစိတ်ဖိတ်ဒေသမှာ မေလကုန်မှာ လုပ်ဆောင်မှာ ဖြစ်ပြီး အမေရိကန်ကိုတောင် ခြိမ်းခြောက်ကောင်း ခြိမ်းခြောက်နိုင်တဲ့ မြောက်ကိုရီးယားရဲ့ အနာဂတ် အိုင်စီဘီအမ် ဒုံးကျည် (ပဲ့ထိန်းစနစ်နဲ့ပစ်လွှတ်တဲ့ အနည်းဆုံး ကီလိုမီတာ ၅၅၀၀ အကွာကို ရောက်နိုင်တဲ့ နယူကလီထိပ်ဖူး တစ်ခု သို့မဟုတ် တစ်ခုထက် ပိုမိုတပ်ဆင်ထားသော ဒုံးကျည်) ကို အမေရိကန်မှ ပြန်လည်ပစ်ချနိုင်စွမ်းကို ဆန်းစစ်ကြမှာပါ။ စမ်းသပ်ပစ်ခတ်မှုမှာ အလက်စကားနဲ့ ကယ်လီဖိုးနီးယားမှာ အခြေစိုက်တဲ့ မြေပြင်မှ တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုလည်း ပါဝင်မယ်လို့ သိရပါတယ်။ ဒီလိုစမ်းသပ်ပစ်ခတ်မှု လုပ်နေတာဟာ ဆယ်စုနှစ် တစ်ခု ကြာနေခဲ့ပေမယ့် စမ်းသပ်မှု တစ်ဝက်လောက်ကသာ အောင်မြင်ခဲ့ဘူးတယ်လို့ ကာကွယ်ရေးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။
4 years Ago
Up