မြောက်ကိုရီးယားငလျင်

September 24, 2017

မြောက်ကိုရီးယားငလျင် ပေါက်ကွဲမှုတခုခုကြောင့်ဟု သံသယရှိကြောင်း တရုတ်ပြော

မြောက်ကိုရီးယားနိုင်ငံအတွင်း အင်အား ရစ်ခ်ျစတာစကေး ၃.၄ ရှိတဲ့ ငလျင်တခု မြေအောက်အနက် သုညကို ဗဟိုပြု လှုပ်သွားတာ စက်တင်ဘာ ၂၂ ရက်နေ့ ထောက်လှမ်း တွေ့ရှိရပြီး ဒါဟာ ပေါက်ကွဲမှုတခုခုကြောင့်လို့ သံသယရှိကြောင်း တရုတ်ငလျင် စီမံရေးဌာနက မနေ့က ပြောပါတယ်။ မြောက်ကိုရီးယားဟာ နောက်ထပ် နျူကလီးယား ဗုံးတလုံးကို ထပ်ပြီး စမ်းသပ်နေလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်နေပါတယ်။ ငလျင်ဟာ မြောက်လတ်တီကျု ၄၁.၃၆ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၁၂၉.၀၆ ဒီဂရီ ဆုံချက်ကို ဗဟိုပြု လှုပ်ခတ်တာလို့လည်း တရုတ် ငလျင် ကွန်ယက်ဌာန CENC က ပြောပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ချက်ချင်းတုံ့ပြန်မှု မလုပ်သေးပါဘူး။ ဒါပေမယ့် တရုတ် အစိုးရ မီဒီယာ လက်ခွဲတွေနဲ့ လူမှုကွန်ရက်တွေပေါ်မှာ ဒီသတင်းက ချက်ချင်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပါတယ်။ ငလျင်ဟာမြောက် ဟမ်ဂျောင်းခရိုင်ထဲက ကီဂျူးမြို့နယ်ထဲမှာ လှုပ်ခဲ့တာကို ထောက်လှမ်း တွေ့ရှိခဲ့တာပါ။ ဒီနေရာဟာ မြောက်ကိုရီးယားရဲ့ ဖွန်းဂေးရီ နျူကလီးယား စခန်းတည်ရှိရာ နေရာလို့ လူသိများတဲ့အကြောင်း တောင်ကိုရီးယား မိုးလေဝသဌာနက ပြောပါတယ်။ ဒါပေမယ့် လူကြောင့်ဖြစ်တဲ့ ငလျင်အတွက် အဓိက အချက်ဖြစ်တဲ့ အသံလှိုင်းတွေကို ထောက်လှမ်းလို့ မရတဲ့အတွက် သဘာဝငလျင်ဖြစ်တယ်လို့ ကနဦး ရှုမြင်ကြောင်း တောင်ကိုရီးယား မိုးလေဝသဌာနက သုံးသပ်ထားပါတယ်။
4 years Ago
Up