မြောက်ကိုရီးယားကို ထွက်ခွာ

March 31, 2018

တောင်ကိုရီးယား ကေပေါ့ပ်အဆိုတော်များ မြောက်ကိုရီးယားကို ထွက်ခွာ

တောင်ကိုရီးယားက ကေပေါ့ပ် အဆိုတော်တွေ မြောက်ကိုရီးယား မြို့တော် ပြုံယမ်းမှာ ဖျော်ဖြေဖို့ ထွက်ခွာသွားပါတယ်။ တောင်ကိုရီးယား ကေပေါ့ပ် အဆိုတော်တွေနဲ့ ဝန်ထမ်းတွေ အယောက် ၁၆၀ ပါတဲ့ အုပ်စုတစုဟာ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ ဂီတဖျော်ဖြေပွဲ ၂ ပွဲကျင်းပဖို့ မတ်လ ၃၁ ရက်နေ့က ထွက်သွားခဲ့တာပါ။ မြောက်ကိုရီးယားက ပြုံချန်းဆောင်းရာသီအိုလံပစ်ပွဲမှာ ဖျော်ဖြေရေးသမားတွေ စေလွှတ်ခဲ့လို့ တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားဘက်က မတ် ၃၁ ရက်ကနေ ဧပြီ ၃ ရက်ထိ သွားရောက် ဖျော်ဖြေတာပါ။ မြောက်ကိုရီးယားကို သွားတဲ့ ကေပေါ့ပ်အဖွဲ့တွေထဲမှာ မိန်းကလေးတေးဂီတအဖွဲ့ Red Velvet, Girls' Generation တေးဂီတ အဖွဲ့ထဲက Seohyun တို့နဲ့အတူ ဂီတနယ်ပယ်ထဲက ဝါရင့်အနုပညာရှင်တွေလည်း ပါပါတယ်။ နိုင်ငံကို ကိုယ်စားပြုမယ့် အနုပညာရှင်တွေနဲ့အတူ ၁၃ နှစ်အတွင်း ပထမဆုံး ကျင်းပမယ့် ဖျော်ဖြေပွဲအောင်မြင်ဖို့ အစွမ်းကုန် အားထုတ်သွားမယ်လို့ တောင်ကိုရီးယား ယဉ်ကျေးမှု အားကစားနဲ့ ခရီးသွားလုပ်ငန်းဝန်ကြီး ဒိုဂျုံးဝှမ်က ပြောပါတယ်။ “တေးဂီတ ဒါရိုက်တာအဖြစ် တာဝန်ယူရတာ ဂုဏ်ယူပါတယ်။ ဒါပေမယ့် စကားလုံးနဲ့ ရှင်းမပြနိုင်တဲ့ ပခုံးပေါ်က တာဝန်တွေ အများကြီး ရှိနေတယ်” လို့ အနုပညာအဖွဲ့ တေးဂီတ ဒါရိုက်တာ ယွန်းစံက ပြောပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ရန်သူဟောင်း ၂ နိုင်ငံကြား တင်းမာမှု ပြေလျော့စေရေး နျူကလီးယားလက်နက် ဖြုတ်သိမ်းဖို့ သီတင်းပတ်အစောပိုင်းက ကတိပေးခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့အတူ ဧပြီ ၂၇ ရက်နေ့မှာ ထိပ်သီးညီလာခံ ကျင်းပဖို့ သဘောတူထားပါတယ်။ ဒါဟာ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ကတိအပြီး အိမ်နီးချင်း ၂ နိုင်ငံကြား ပထမဆုံး ကျင်းပမယ့် ထိပ်သီးညီလာခံ ဖြစ်လာမှာပါ။
3 years Ago
Up