မြောက်ကိုရီးယားကို ဖိအားတိုးမြှင့်ရန် အမေရိကန်နှင့် ဂျပန် သဘောတူ

August 29, 2017

မြောက်ကိုရီးယားကို ဖိအားတိုးမြှင့်ရန် အမေရိကန်နှင့် ဂျပန် သဘောတူ

ဒုံးကျည်တွေ ထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားကို ဖိအားတိုးမြှင့်ဖို့ အမေရိကန်နဲ့ သဘောတူခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သြဂုတ် ၂၉ ရက်မှာ ပြောကြားသွားပါတယ်။ မြောက်ကိုရီးယားဟာ ဂျပန်နိုင်ငံကိုကျော်ပြီး ဟိုကိုင်းဒိုးကျွန်းရဲ့ ကမ်းလွန်ကို ကျရောက်ခဲ့တဲ့ ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့တာကြောင့် မြောက်ကိုရီးယားကို ပိုပြီးဖိအားပေးဖို့ အမေရိကန်နဲ့ ဂျပန်တို့ သဘောတူခဲ့ကြတာပါ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့ကြပြီး အဲဒီလို သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။ “မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဖိအားကို တိုးမြှင့်ဖို့နဲ့ ပြင်းထန်အောင်လုပ်ဖို့ ဂျပန်နဲ့ အမေရိကန်တို့ အပြည့်အဝ သဘောတူခဲ့ကြတယ်” လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။ “အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ သူဟာ မဟာမိတ် ဂျပန်ဘက်မှာ  ၁၀၀ ရာခိုင်နှုန်း ရပ်တည်ပေးနေပါတယ်။ ဂျပန်ကို အကာအကွယ်ပေးဖို့ကိုလည်း စိတ်ပိုင်းဖြတ်ထားတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောသွားတယ်” လို့လည်း ဂျပန်ဝန်ကြီးချုပ်က ဆိုပါတယ်။ “မြောက်ကိုရီးယားကို ဂျပန်အစိုးရက အပြင်းထန်ဆုံး ကန့်ကွက်ပါတယ်။ ကုလလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ဖို့လည်း တိုက်တွန်းခဲ့တယ်။ မြောက်ကိုရီးယား အရေးကိစ္စမှာ ရွေးချယ်စရာ နည်းလမ်းအားလုံး ချမှတ်ထားတယ်ဆိုတဲ့  အမေရိကန်ရဲ့ ရပ်တည်ချက်ကို ဂျပန်အနေနဲ့ အသိအမှတ်ပြုပါတယ်” လို့ ဂျပန်ကက်ဘိနက် အတွင်းဝန်ချုပ် ယိုရှီဟီဒီ ဆူဂက ပြောကြားသွားပါတယ်။
4 years Ago
Up