တောင်ကိုရီးယား သမ္မတအသစ်မှ တာဝန်စတင်လွှဲပြောင်းယူပြီး ရက်ပိုင်းကြာပြီးတဲ့နောက် မြောက်ကိုရီးယားဘက်က ဘယ်လစ်စတစ်ဒုံးကျည်အသစ်ကို ထပ်မံစမ်းသပ်လိုက်ပါတယ်။
စမ်းသက်လိုက်တဲ့ ဒုံးကျည်အသစ်ကို မြောက်ကိုရီးယား အနောက်မြောက်ဘက် ကူဆန်းမြို့နားမှာ ပစ်လွှတ်ခဲ့တာဖြစ်ပြီး မိုင်ရာပေါင်းများစွာထိသွားကာ နောက်ဆုံး ဂျပန်ပင်လယ်ပိုင်နက်ထဲမှာ ဒုံးကျည်ကျရောက်ခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ရေးထားတာပါ။
ဒီလို မြောက်ကိုရီးယားဘက်က ဒုံးကျည်အသစ် စမ်းသပ်လိုက်တာက မြောက်ကိုရီးယားနဲ့ပဋိပက္ခကို ပိုမိုကောင်းမွန်တဲ့ အခင်းအကျင်းဖြစ်ရစေမယ်ဆိုပြီး ရွေးကောက်ပွဲမှာ လှုံ့ဆော်ခဲ့တဲ့ တောင်ကိုရီးယား သမ္မတအသစ် မွန်းဂျဲအပေါ် ဖိအားဖြစ်စေခဲ့ပါတယ်။
ဒီနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ဆက်တိုက် ဒုံးကျည်စမ်းသပ်မှုတွေက နိုင်ငံတကာမှာ စိုးရိမ်မှုဖြစ်စေအောင် အချက်ပြလိုက်ပြီး အမေရိကန်နိုင်ငံနဲ့လည်း တင်းမာမှုကို ပိုမိုမြင့်မားစေခဲ့တာပါ။
တောင်ကိုရီးယားသမ္မတအသစ် မစ္စတာမွန်းဂျဲက အရေးပေါ်လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပြီး နောက်ဆုံးဒုံးကျည်စမ်းသပ်မှုကို ဝေဖန်ရှုတ်ချခဲ့ပါတယ်။
“မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးနိုင်ချေကို တောင်ကိုရီးယားဘက်က လမ်းဖွင့်ထားဆဲဖြစ်ပေမယ့် မြောက်ကိုရီးယားဘက်က အမြင်သဘောထား ပြောင်းလဲတဲ့အခါမှသာ ဒီတွေ့ဆုံဆွေးနွေးမှုကလည်း ဖြစ်နိုင်မှာပါ” လို့ တောင်ကိုရီးယား သမ္မတအသစ်က ပြောကြောင်း သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
အခုပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အသစ်က ပင်လယ်မျက်နှာပြင်အထက် ကီလိုမီတာ ၂၀၀၀ (၁၂၄၅ မိုင်) အထိရောက်ပြီး ဒုံးကျည်အသစ်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဂျပန်ကာကွယ်ရေး ဝန်ကြီးက ပြောကြောင်း ရိုက်တာသတင်းဌာနမှာ ရေးသားထားတာပါ။
4 years Ago