မြောက်ကိုရီးယား ပစ်လွှတ်သည့်ဒုံးကျည် အမေရိကန် ကုန်းမကြီးအထိ ရောက်ရှိနိုင်ဟု ကြေညာ

November 29, 2017

မြောက်ကိုရီးယား ပစ်လွှတ်သည့်ဒုံးကျည် အမေရိကန် ကုန်းမကြီးအထိ ရောက်ရှိနိုင်ဟု ကြေညာ

မြောက်ကိုရီးယား ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ အမေရိကန်ပြည်ထောင်စု ကုန်းမကြီးတခုလုံးအထိ ရောက်ရှိနိုင်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေအာတီ သတင်းဌာနကနေ နိုဝင်ဘာ ၂၉ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဟွာဆောင်- ၁၅ လို့ အမည်ရတဲ့ တိုက်ချင်းပစ်ဒုံးကျည်ဟာ အမြင့်မိုင် ၂,၇၈၀ ကနေ ပျံသန်းခဲ့ပြီး ၅၃ မိနစ်အတွင်း မိုင် ၆၀၀ ခရီးနှင်ခဲ့ကာ ဂျပန်ပင်လယ်ထဲရှိ အထူးစီးပွားရေးဇုန်အတွင်း ကျရောက်ခဲ့တာဖြစ်တယ်လို့ ကေအာတီသတင်းဌာနက ဆိုပါတယ်။ အဲဒီ ပျံသန်းခဲ့တဲ့အမြင့်ဟာ နိုင်ငံတကာ အာကာသစခန်း အမြင့်ရဲ့ ၁၀ ဆ ရှိပါတယ်။ အခုပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ အမေရိကန်ပြည်ထောင်စု နယ်မြေတွေနဲ့ မဟာမိတ်တွေအပေါ် ခြိမ်းခြောက်မှု မရှိဘူးလို့ အမေရိကန် ပင်တဂွန်စစ်ဌာနက ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားဒုံးကျည် ဖန်တီးမှုတွေကို ခွင့်ပြုမှာမဟုတ်ဘဲ ဒီအခြေအနေကို ကိုင်တွယ်သွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ “ခင်ဗျားတို့ ကြားခဲ့သလိုပဲ မကြာသေးခင် အချိန်က မြောက်ကိုရီးယားဟာ ဒုံးကျည်တစင်း  ပစ်လွှတ်ခဲ့ပါတယ်။ အဲဒီကိစ္စကို ကျနော်တို့ ကောင်းကောင်းကိုင်တွယ်မှာပါလို့ ပြောပါရစေ။ ဒီအခန်းထဲမှာ ကျေန်ာတို့နဲ့အတူ ဗိုလ်ချုပ်ကြီးမက်တစ်လည်း အတူရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျေန်ာတို့ တော်တော်ကြာကြာ ဆွေးနွေးပြီးပါပြီ။ ဒီအခြေအနေကို ကျနော်တို့ ကိုင်တွယ်မှာဖြစ်ပါတယ်။” အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်က “လွန်ခဲ့တဲ့ နှစ်နာရီခွဲခန့်က မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ပါတယ်။ အဲဒီပစ်လွှတ်မှုဟာ အရင့်အရင် ပစ်လွှတ်ခဲ့တာတွေထက် ပိုပြီးမြင့်ပါတယ်။ ကမ္ဘာအနှံ့ နေရာတိုင်းကို ခြိမ်းခြောက်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည် တည်ဆောက်ရေးကို သုတေသနပြု တီထွင်ကြိုးပမ်းနေတာပါ။ တောင်ကိုရီးယားကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ ပင်လယ်ထဲကို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပါတယ်။ သဘောက မြောက်ကိုရီးယားဟာ ကျနော်တို့ မဟာမိတ်ရဲ့ ပစ်ခတ်မှု ခံရနိုင်တယ်ဆိုတာကို နားလည်စေဖို့ပါပဲ” လို့ ပြောသွားပါတယ်။ အဲဒီ ဒုံးကျည်ပစ်ခတ်မှုဟာ အမေရိကန်ရဲ့ မြောက်ကိုရီးယားအရေးကိစ္စ ချဉ်းကပ်မှုကို မပြောင်းလဲစေဘူးလို့ သမ္မတထရမ့်က ပြောကြားခဲ့ပါတယ်။
4 years Ago
Up