မြောက်ကိုရီးယားနှင့် ဆွေးနွေးညှိနှိုင်းလိုဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြော

August 3, 2017

မြောက်ကိုရီးယားနှင့် ဆွေးနွေးညှိနှိုင်းလိုဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြော

အမေရိကန်ဟာ မြောက်ကိုရီးယားအစိုးရ ပြုတ်ကျသွားအောင် လုပ်မှာမဟုတ်ဘဲ မြောက်ကိုရီးယားနဲ့ ဆွေးနွေးညှိနှိုင်းလိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က သြဂုတ် ၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ “ကျနော်တို့ တရုတ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ရှိပြီးသားပါ။ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ရင် တရုတ်ကို ကျနော်တို့ အပြစ်တင်တာ မဟုတ်ပါဘူး။ ဒီအခြေအနေတွေဟာ မြောက်ကိုရီးယားကိုပဲ အပြစ်တင်ရမှာပါ။ ဒါပေမယ့် ကျနော်တို့ တွေ့ရတာက တရုတ်ဟာ မြောက်ကိုရီးယားနဲ့ ထူးထူးခြားခြားလည်းဖြစ်၊ သီးခြားသဘောလည်းဆောင်တဲ့ ဆက်ဆံရေးရှိတဲ့နိုင်ငံပါ။ တရုတ်ရဲ့ ထူးခြားတဲ့ စီးပွားရေး အဆက်အဆံတွေကနေ မြောက်ကိုရီးယားအပေါ် တနည်းနည်းနဲ့ လွှမ်းမိုးနိုင်တဲ့နိုင်ငံပါ။ ဒီလိုမျိုး ဘယ်နိုင်ငံမှ လုပ်လို့မရနိုင်ပါဘူး” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ပြောပါတယ်။ မြောက်ကိုရီးယားမှာ အစိုးရစနစ်ပြောင်းဖို့ လုပ်နေတာမဟုတ်သလို အစိုးရစနစ် ပြိုကျသွားအောင် လုပ်နေတာ မဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။ ကိုရီးယားကျွန်းဆွယ် ပေါင်းစည်းရေးကို တွန်းအားပေးနေတာ မဟုတ်သလို ၃၈ မျဉ်းပြိုင်ဒေသကိုလည်း အမေရိကန်စစ်တပ်တွေ ပို့ဖို့ အကြောင်းရှာနေတာ မဟုတ်ဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ "မြောက်ကိုရီးယားကို ပြောချင်တာက ကျနော်တို့ဟာ ခင်ဗျားတို့ရဲ့ရန်သူ မဟုတ်ပါဘူး။ ခြိမ်းခြောက်နေတဲ့နိုင်ငံလည်း မဟုတ်ပါဘူး။ ခင်ဗျားတို့ကသာ ကျနော်တို့အပေါ်ကို  လက်သင့်မခံနိုင်တဲ့ ခြိမ်းခြောက်မှုတွေလုပ်နေလို့ ပြန်တုံ့ပြန်ရတာ ဖြစ်ပါတယ်။ တချိန်ချိန်မှာ ဒါကို နားလည်လာမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ကြိုးစားနေတဲ့ လုံခြုံရေး၊ ကြွယ်ဝချမ်းသာမှု ဆိုတဲ့ အနာဂတ်ကိစ္စတွေနဲပတ်သက်ပြီး စားပွဲဝိုင်းမှာထိုင် ဆွေးနွေးဖို့ ကျနော့်ဘက်က လိုလားတယ်ဆိုတာကို သူတို့နားလည်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါမှသာ အရှေ့မြောက်အာရှ ဒေသတလွှား စီးပွားရေး ကြွယ်ဝချမ်းသာမှုကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်" လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ပြောပါတယ်။
4 years Ago
Up