မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေး လုံးဝမရှိဟု ထိုင်းဝန်ကြီးချုပ် ပြော

December 13, 2017

မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေး လုံးဝမရှိဟု ထိုင်းဝန်ကြီးချုပ် ပြော

ထိုင်းနိုင်ငံနဲ့ မြောက်ကိုရီးယားကြား ကုန်သွယ်ရေး လုံးဝမရှိဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်အပေါ် ဖိအားပေးမှု တိုးလုပ်နိုင်ရေး အမေရိကန် အထူးသံတမန်က ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ဖို့ ရှိနေပြီး ဒီခရီးစဉ်မတိုင်ခင် ထိုင်းဝန်ကြီးချုပ်က ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားအတွက် ငွေဝင်လမ်းတွေကို ဖြတ်တောက်ရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ပိုပြီးအလုပ်လုပ်ဖို့ အမေရိကန်က တိုက်တွန်းနေခဲ့တာပါ။ အမေရိကန် ကုန်းမကြီးထိ ရောက်အောင် ပစ်ခတ်နိုင်တဲ့ နျူကလီးယား လက်နက်တွေနဲ့ ဒုံးကျည်တွေကို မြောက်ကိုရီးယားက တီထွင်ထုတ်လုပ်နေတဲ့အတွက် တင်းမာမှုတွေ တိုးနေပါတယ်။ မြောက်ကိုရီးယား မူဝါဒဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဂျိုးဇက်ယွန်းဟာ ဒီသီတင်းပတ်ထဲမှာ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ကို လာရောက်မယ်လို့ မျှော်လင့်ထားပါတယ်။ သြဂုတ်လက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန်က ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ချိန်မှာ ထိုင်းနဲ့ မြောက်ကိုရီးယား ကုန်သွယ်ရေးဟာ မနှစ်ကနဲ့စာရင် ၉၄ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခဲ့ပေမယ့် တခြား အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။
3 years Ago
Up