မြောက်ကိုရီးယားမြို့တော်

May 1, 2017

လျှို့ဝှက်သည့် မြောက်ကိုရီးယားမြို့တော်တွင်း သတင်းထောက်တဦး ရိုက်ကူးခဲ့သည့်ရုပ်သံ ထွက်ပေါ်

တင်းကျပ်ပြီး လျှိုဝှက်တဲ့ မြောက်ကိုရီးယားမြို့တော်အတွင်းပိုင်း မြင်ကွင်းတွေကို ရိုက်ကူး မှတ်တမ်းတင်ထားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဖင်လန်နိုင်ငံသား သတင်းထောက် မီကာ မက်က်လိန်နင်က ပြုံယမ်းမြို့တော် လမ်းတလျှောက် လေဆိပ်ဆီအသွားလမ်းမှာ ရိုက်ကူးခဲ့တာပါ။ သူက မီနီဘတ်စ်ကားတစင်းရဲ့ ပြတင်းပေါက်ကနေ ခုလိုရိုက်ကူးခဲ့တာဖြစ်ပြီး “ကျနော့်ကို ဘယ်သူကမှ ရုပ်သံမရိုက်ဖို့ မတားခဲ့ကြဘူးဗျ” လို့  ပြောပါတယ်။ ရုပ်သံဖိုင်ထဲမှာ တိတ်ဆိတ်နေတဲ့ လမ်းမတွေပေါ်မှာ မောင်းနှင်သွားလာနေကြတဲ့ ယာဉ်တွေ၊ လူတွေကြားမှာ အစိမ်းရောင်နဲ့ ပန်းရောင်တွေ ခြယ်ထားတဲ့ အဆောက်အဦတွေ၊ လမ်းမတွေပေါ်က ကြော်ငြာဆိုင်းဘုတ်ကြီးတွေ၊ ၁၉၉၄ ခုနှစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်အီဆွန်း သေဆုံးပြီးနောက် အောက်မေ့ဖွယ် အထိမ်းအမှတ် ကျောက်တိုင်တွေကို တွေ့မြင်ကြရမှာပါ။ ရုပ်သံဗွီဒီယိုဖိုင်ကို ရိုက်ကူးချိန်မှာ ကောင်းကင်ဟာ မိုးရွာတော့မယောင် မှိုင်းညို့နေခဲ့တာမို့ လမ်းမတွေပေါ်မှာ ယာဉ်တွေ၊ လူသူအသွားအလာတွေ ရှင်းလင်းနေခဲ့ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာဖြစ်ပြီး “ဂူဂဲလ်မှာ ရှာဖွေလို့မရနိုင်တဲ့ ရှားပါးအနုစိတ်လက်ရာ” လို့ ရှင်းပြခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ကတည်းက တင်ခဲ့တာဖြစ်ပြီး ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သိန်း ၆ သောင်း ၇ ထောင်ကျော် ရှိနေခဲ့တာပါ။ မီကာ မက်က်လိန်နင်ဟာ ဖင်လန်နိုင်ငံအခြေစိုက် Yle Uutiset သတင်းပရိုဂရမ်အတွက် မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူ ကင်အီဆွန်းရဲ့ မွေးနေ့အထိမ်းအမှတ် “Day of the Sun” ပွဲတော်အတွက် သတင်းရယူဖို့ သွားရောက်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up