မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ မကြာခင် ရုရှားနိုင်ငံကို သွားရောက်မယ်လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက အောက်တိုဘာ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာလည်း မြောက်ကိုရီးယားကို သွားရောက်ဖို့ ရှိနေပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယို မြောက်ကိုရီးယားကို သွားရောက်ပြီး တရက်အကြာ ပြုလုပ်တဲ့ တောင်ကိုရီးယား အစိုးရအဖွဲ့ အစည်းဝေးအတွင်း သမ္မတမွန်းက အဲဒီလို ပြောကြားခဲ့တာပါ။
ပွန်ပေယိုနဲ့ ကင်ဂျုံအန်းတို့ ဆွေးနွေးမှုဟာ အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွက် အခြေအနေကောင်းတွေကို ဖန်တီးပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးအတွက် အထောက်အကူဖြစ်စေတယ်လို့ သမ္မတမွန်းက အပြုသဘောဆောင် ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားနဲ့ ရုရှားတို့ ဒီနှစ်အတွင်း ထိပ်သီးအစည်းအဝေးကျင်းပဖို့ သဘောတူခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ကြေညာခဲ့ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဟာ ဒီနှစ်အတွင်း တရုတ်နိုင်ငံကို ၃ ကြိမ်သွားရောက်ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံထားပါတယ်။
4 years Ago