မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှု လိုအပ်ပေမယ့် ကိုရီးယားကျွန်းဆွယ် တင်းမာမှု ပြေလျော့ရေး အဆုံးသတ်အဖြေတော့ မဟုတ်သေးဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက သြဂုတ် ၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဖိလစ်ပိုင်မြို့တော် မနီလာမှာ ကျင်းပတဲ့ အာဆီယံနဲ့ ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်ဆွေးနွေးပွဲမှာ သတင်းထောက်တွေကို ခုလို ပြောလိုက်တာပါ။
ပန်းတိုင်ဟာ မြောက်ကိုရီးယားက ညှိနှိုင်းရေး ဆွေးနွေးပွဲဆီကို ပြန်လာအောင် အခွင့်အလမ်း ဖန်တီးပေးဖို့ ဖြစ်သင့်တယ်လို့လည်း သူက ပြောပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့က စစ်ရေးလေ့ကျင့်နေတာကို ရပ်ပြီး ဆွေးနွေးပွဲတွေ လုပ်ရေး နည်းလမ်းရှာဖို့လည်း တောင်းဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဘီလျံဖိုး ပြည်ပတင်ပို့ကုန်ကို ၃ ပုံ ၁ ပုံထိ လျှော့ချဖို့ ရည်မှန်းပြီး အမေရိကန်က မူကြမ်းရေးဆွဲတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သြဂုတ် ၅ ရက်နေ့မှာ တညီတညွတ်တည်း အတည်ပြုလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ ကျောက်မီးသွေး၊ သံနဲ့ သံရိုင်း၊ ခဲနဲ့ ပင်လယ်ထွက် စားသောက်ကုန်တွေကို ပိတ်ပင်ဖို့ ဆုံးဖြတ်ထားတာပါ။
ဒါ့အပြင် နိုင်ငံခြားမှာ သွားရောက်အလုပ်လုပ်တဲ့ မြောက်ကိုရီးယား လုပ်သားတွေရဲ့ အရေအတွက် တိုးလာနေလို့ မငှားရမ်းဖို့ နိုင်ငံတွေကို တားမြစ် ပိတ်ပင်ထားပါတယ်။
ဒါ့အပြင် လက်ရှိ ပူးပေါင်းလုပ်ဆောင်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နောက်ထပ် ပူးပေါင်းလုပ်မယ့် ရင်းနှီးမြှုပ်နှံမှု အသစ်တွေကိုလည်း တားမြစ်မှာပါ။
မြောက်ကိုရီးယားအရေးကို အာဆီယံဒေသတွင်းဖိုရမ်မှာ ဆွေးနွေးဖို့ အမေရိကန်က မျှော်လင့်ထားပါတယ်။
ဒီဖိုရမ်ကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရိယောင်ဟိုနဲ့ တခြား နိုင်ငံပေါင်း ၂၆ နိုင်ငံက ဝန်ကြီးတွေ တက်ရောက်မှာ ဖြစ်ပါတယ်။
5 years Ago