မြောက်ကိုရီးယားအပေါ် ကုလ တားမြစ်ပိတ်ဆို့မှု အသစ်ချမှတ်မှု တောင်ကိုရီးယား ကြိုဆို

September 12, 2017

မြောက်ကိုရီးယားအပေါ် ကုလ တားမြစ်ပိတ်ဆို့မှု အသစ်ချမှတ်မှု တောင်ကိုရီးယား ကြိုဆို

ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကြောင့် မြောက်ကိုရီးယားအပေါ် အသစ်ထပ်တိုးထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ တားမြစ်ပိတ်ဆို့မှုတွေကို တောင်ကိုရီးယားက ဝမ်းသားအားရ ကြိုဆိုလိုက်ပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့မှာ ကုလသမဂ္ဂကနေ အသစ်ထပ်တိုးလိုက်တဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့တားမြစ်မှုတွေကို တောင်ကိုရီးယားက ထောက်ခံသဘောတူကြောင်း စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြောလိုက်တာပါ။ "ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အားလုံးသဘောတူတဲ့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အမှတ် ၂၃၇၅ ကို မြန်မြန်ဆန်ဆန် အတည်ပြု ဆောင်ရွက်ခဲ့တာကို ကျနော်တို့ ချီးကျူးဂုဏ်ပြုပါတယ်" လို့ တောင်ကိုရီးယားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဆက်လက်ပြီး သူက "နိုင်ငံတကာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်စိန်ခေါ်နေတာဟာ သူတို့ကို ပိုပြီးတော့ အထီးကျန် သီးသန့်နိုင်ငံဖြစ်စေလိမ့်မယ် ဆိုတာကို မြောက်ကိုရီးယားက သဘောပေါက်ဖို့ လိုပါတယ်။ နိုင်ငံတကာအပေါ် ရန်စစိန်ခေါ်မှုတွေကိုလည်း ရပ်တန့်သင့်ပါတယ်။ သီးသန့်ခွဲခြားခံထားရတဲ့ အခြေအနေနဲ့ စီးပွားရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ မြောက်ကိုရီးယားအတွက် တခုတည်းသောနည်းလမ်းဟာ စမ်းသပ်အတည်ပြုပြီး အများလက်ခံနိုင်မယ့် နျူကလီးယားဖျက်သိမ်းရေးကို နိုင်ငံတကာနဲ့ လာရောက်ဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်" လို့ ပြောပါတယ်။ အမေရိကန်က ကနဦးတင်သွင်းခဲ့တဲ့ ပိုမိုပြင်းထန်တဲ့ တားမြစ်ပိတ်ဆို့ရေး အဆိုပြုချက်ဟာ မြောက်ကိုရီးယားမဟာမိတ် ရုရှားနဲ့ တရုတ်တို့ကြောင့် အရေးနိမ့်ခဲ့တယ်လို့ သိရပါတယ်။
4 years Ago
Up