မြေယာနိုင်ငံရေး

A d v e r t i s e m e n t With Us

June 4, 2019

အဓမ္မမြေယာသိမ်းမှုတို့ သမိုင်းကမ္ပည်း မတင်ရစ်စေလို

မြန်မာပြည်၏ ယနေ့ထိ မဆုံးနိုင်သော ပြဿနာရပ်များထဲတွင် ပြည်တွင်းငြိမ်းချမ်းရေး သာမက မြေယာပြဿနာသည်လည်း တခုအပါအဝင် ဖြစ်သည်။ အထူးသဖြင့် မြေသိမ်းဥပဒေသည် ယနေ့အထိ ဥပဒေကြမ်းအဆင့်ကို မကျော်နိုင်သေး။ အငြင်းပွား၍ပင် ကုန်နိုင်ဖွယ်ရာမမြင်။ မြေယာပြဿနာသည် နိုင်ငံရေးအသွင် ဆောင်ရုံမက အမျိုးသားရေးအသွင် ဆောင်သည်ကို မမေ့အပ်။ ဤသို့ဖြစ်ရသည်မှာ စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ မြေယာသိမ်းခဲ့မှုကြောင့် ဖြစ်ခဲ့ရသည်ကို ငြင်းမရ။ မြေယာဥပဒေနှင့် အခြေခံဖွဲ့စည်းပုံအရ မြေယာနှင့် မြေတွင်းမြေပေါ်အားလုံး နိုင်ငံတော်ကပိုင်သည်ဟု မည်သို့ပင်ဆိုစေကာမူ အစိုးရ အရေးမပိုင်သော မြေယာများလည်း ရှိသည်ပင်။ မြေယာသိမ်းမည်ဆိုလျှင်လည်း မြေသိမ်းဥပဒေအရ စနစ်တကျ သိမ်းယူမှုမျိုးသာ ဖြစ်သင့်သည်။ မကြာမီက တပ်သိမ်းမြေကိစ္စနှင့် အငြင်းပွားမှုများ ဖြစ်ခဲ့သည်။ တပ်မတော်ဘက်ကလည်း ရင်ကြားစေ့ရေးကို အကြောင်းပြု၍ မြေယာကို ပြန်ပေးလိုဟန်မရှိဟု ယူဆရသည်။ ဤသည်ကပင် မြေယာနိုင်ငံရေးကို အမျိုးသားရေးနှင့် ကင်းလွတ်၍ ကြည့်လိုက်သကဲ့သို့ပင်။ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကမူ “ရန်လိုတဲ့သဘောထား မဟုတ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးက တပ်ရင်းနဲ့ မြေ၊ တနေရာစီဖြစ်ပါက ပြန်ပေးရန် ညွှန်ကြားထားသဖြင့် ပြန်လည်တောင်းယူရခြင်း ဖြစ်ကြောင်း” ပြန်လည်ရှင်းပြခဲ့သည်ကို တွေ့ရသည်။ ဝန်ကြီးချုပ် ပြန်လည်တောင်းဆိုသော မြေသည် “ပွင့်ဖြူမြို့နယ်တွင် တည်ရှိပြီး သိမ်းယူထားသော တပ်တည်ရှိရာ ဒေသမှာ မင်းဘူးမြို့နယ်” တွင်ရှိသည်ဟု ဆိုပါသည်။ ယင်းသို့ဆိုလျှင် မြေယာကို သိမ်းယူစဉ်က မည်သို့သိမ်းယူခဲ့ကြသနည်း။ သိမ်းယူစဉ်က ပယ်ဖျက်ခြင်း မရှိခဲ့သေးသော ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေအရ စည်းကမ်းနှင့်အညီ သိမ်းယူခဲ့ခြင်းဖြစ်သလား ဆိုသည်ကို ထည့်သွင်းစဉ်းစားရမည်သာ ဖြစ်သည်။ ဥပဒေရှိပါလျက် ဥပဒေနှင့်အညီ သိမ်းယူခြင်းမဟုတ်ပါက အဓမ္မသိမ်းယူခြင်းနှင့် မခြား ဖြစ်သွားပေလိမ့်မည်။ သမိုင်းတွင် မတန်တဆ ငွေပေး၍ သိမ်းယူခဲ့ကြသော ချစ်တီးကုလားတို့ကို အဓမ္မသိမ်းယူသူများအဖြစ် သမိုင်းတင် ကမ္ပည်းထိုးခဲ့ကြဖူးပြီ။ မြေယာသည် နိုင်ငံရေး၊ မြေယာသည် အမျိုးသားရေးဟူ၍ စွဲထင်ထားအပ်ပေသည်။ “မြေယာနိုင်ငံရေး” ၏ သမိုင်းရေးအမြင်ကို လျစ်လျူရှုမထားသင့်ဟု ထင်ပါသည်။ ဤတွင် အင်္ဂလိပ်တို့၏ စည်းကမ်းတကျ လုပ်ဆောင်တတ်မှုကို နမူနာယူသင့်ပေသည်။ အင်္ဂလိပ်တို့က ၁၈၈၆ မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာအဖြစ် ကြေညာပြီးနောက် ၁၈၉၄ တွင် မြေသိမ်းဥပဒေ (The Land Acquisition Act) ကို ပြဋ္ဌာန်းခဲ့သည်။ စစ်နိုင်သူ၊ လက်နက်အင်အား လုပ်ပိုင်ခွင့်အာဏာ ရှိသူ ဖြစ်ပင်ဖြစ်ငြားသော်လည်း မူလပိုင်ရှင်ရှိမြေကို အဓမ္မသိမ်းယူခြင်း မပြုခဲ့သည်ကို တွေ့ရသည်။ စနစ်တကျ မြေသိမ်းဥပဒေကို ပြဋ္ဌာန်း၍ နိုင်ငံအတွက် အကျိုးရှိမှသာ သိမ်းယူခဲ့သည်ကို တွေ့ရသည်။ ယခင်က ကြေးတိုင်နှင့် မြေစာရင်း ပညာရှင်များက “၁၈၉၄ မြေသိမ်းဥပဒေရဲ့ အနှစ်သာရမှာ မြေသိမ်းယူသည့်ကိစ္စသည် နိုင်ငံတော်အကျိုးနှင့် ပြည်သူအကျိုးအတွက် ဖြစ်မှသာ သိမ်းယူနိုင်သည် ဆိုသောအချက်ဖြစ်သည်။ ယင်းအနှစ်သာရအတိုင်း ဆိုပါက ဝန်ကြီးဌာနများက သိမ်းယူခြင်း ဖြစ်စေကာမူ လိုသည်ထက်ပို၍ သိမ်းယူနိုင်မည်မဟုတ်ပေ။” ဟု ထောက်ပြခဲ့ကြပါသည်။ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကမူ “၁၈၉၄ ဥပဒေကို စစ်အာဏာရှင်တို့ အလွန်မျက်မုန်းကျိုးခဲ့သည်။ အကြောင်းမှာ သူတို့မြေသိမ်းခဲ့သမျှ ၁၈၉၄ မြေသိမ်းဥပဒေနှင့် တိုက်ဆိုင်စစ်ဆေးခဲ့လျှင် ဥပဒေမဲ့ အဓမ္မမြေသိမ်းခြင်းသာဖြစ်ကြောင်း ဘွားဘွားကြီး ပွင့်ကျစေသောကြောင့်ဖြစ်သည်” ဟု ဆိုပါသည်။ တဆက်တည်း “၁၈၉၄ မြေသိမ်းဥပဒေကို ဗြိတိသျှနယ်ချဲ့သမားက ပြဋ္ဌာန်းသည်မှာ မှန်၏။ သို့ရာတွင် ယင်းဥပဒေသည် (၁) နှစ်ပေါင်း ၁၀၀ ကျော်သည့်တိုင် တရားမျှတမှု နှုန်းစံများနှင့် နီးစပ်ခေတ်မီနေဆဲ၊ (၂) မြေသိမ်းခံ လယ်သမားအကျိုးကို အခိုင်အမာ ကာကွယ်ဆဲ၊ (၃) မကျေနပ်သူက သမ္မတကြီးထံ မြေမသိမ်းမီ ကြိုတင်ကန့်ကွက်နိုင်ပြီး တရားတထုံးစွဲဆိုခွင့် အပြည့်အဝ ပြဋ္ဌာန်းထားခြင်း၊ (၄) လျော်ကြေး နစ်နာကြေးကို “ကာလတန်ကြေး” ပေးရခြင်းတည်းဟူသော ကောင်းမြတ်သည့် လက္ခဏာရပ်များကို သယ်ဆောင်ထားပေသည်” ဟု ဖော်ညွှန်းခဲ့သည်။ ၁၈၉၄ မြေသိမ်းဥပဒေအရ မြေသိမ်းမှုအပေါ် ကန့်ကွက်စာခေါ်ယူခြင်း၊ လျော်ကြေးမပေးသေးသမျှ မြေသိမ်းအမိန့် မထုတ်ဆင့်ရသေးခြင်းတို့ကို ပြဋ္ဌာန်းခဲ့ပါသည်။  မြေသိမ်းခြင်းတွင် အဓိက အရေးပါဆုံးမှာ လျော်ကြေးငွေကိစ္စ ဖြစ်သည်။ ထို့အပြင် အထူးသတိထားသင့်သည်မှာ ဓလေ့ထုံးတမ်း မြေယာဥပဒေကို မကျူးလွန်မိရန်လည်း လိုပါသည်။ မြန်မာပြည်တဝန်း ဖြစ်ပေါ်နေဆဲ မြေယာပြဿနာများမှာ အဓမ္မ မြေသိမ်းယူမှုကြောင့်ပင် ဖြစ်သည်။ လိုသည်ထက် ပိုသိမ်းယူထားသော မြေယာများ၊ ဥပဒေစည်းကမ်းနှင့် မညီ သိမ်းယူထားသော မြေယာများ၊ သိမ်းယူထားပြီး အကောင်အထည် မဖော်နိုင်သော မြေယာများ ပြန်လည်ရရှိရေးမှာ လက်ငင်းအုပ်ချုပ်ရေး တာဝန်ယူထားသူတို့အပေါ် ကျရောက်နေသည်။ ဤအတွက် ဝန်ကြီးချုပ် အသီးသီးက သမ္မတကို တာဝန်ခံထားရခြင်း ဖြစ်သည်ကို သတိပြုသင့်ပေသည်။ မည်သို့ပင်ဖြစ်စေ ယနေ့ဖြစ်ပေါ်နေဆဲ ဖြေရှင်းခြင်းငှာ မပြီးနိုင်သော မြေယာပြဿနာသည် “အစကောင်းမှ အနှောင်းသေချာ” ဆိုစကားအတိုင်း မြေယာသိမ်းယူစဉ်က စည်းကမ်းဥပဒေနှင့် မညီခဲ့၍ အစမကောင်းခဲ့သောကြောင့် ဖြစ်နေရသော ပြဿနာဟု ဆိုရမည်ပင်။ အမှန်ဆိုရလျှင် မြေသိမ်းဥပဒေ ပြဋ္ဌာန်းရခြင်းမှာ အဓမ္မသိမ်းယူမှုအဖြစ် သမိုင်းကမ္ပည်း မတင်ရစ်စေရန် ရည်ရွယ်ရင်းဖြစ်မည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် မတော်လောဘကို ထိန်းချုပ်၍ မိမိ၏ အဓိက ပင်မတာဝန်ကျေပွန်ရေးကိုသာ အာရုံစိုက်အပ်ပေသည်။ ခေတ်စနစ်နှင့် မကိုက်ညီတော့သည့် ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေကို အသုံးမပြုလိုတော့ပါ သို့တည်းမဟုတ် မြေယာပြဿနာများကို လက်ရှိ တည်ဆဲဥပဒေများဖြင့် ဖြေရှင်း၍ မရတော့ပါဟု ဆိုပါလျှင် လက်ရှိ အန်အယ်လ်ဒီ ကြီးစိုးသည့် လွှတ်တော်က မြေသိမ်းဥပဒေသစ်တရပ်ကို  အမြန်ဆုံး ရေးဆွဲပြဋ္ဌာန်းရန် အထူးလိုအပ်နေပေသည်။ သို့မှာသာ မပြီးနိုင်၊ မဆုံးနိုင် ဖြစ်နေသည့် အာဏာမဲ့နှင့် အာဏာရှိသူများ အကြားက မြေသိမ်းယာသိမ်း ပြဿနာကို ဥပဒေသစ်အရ ပြတ်ပြတ်သားသား၊ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်ပေမည်။ အဟောင်းလည်း မပယ်နိုင်၊ အသစ်လည်း မပြဋ္ဌာန်းနိုင်ဘဲ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေမည်ဆိုပါက အမှန်တကယ် နစ်နာဆုံးရှုံးရသူတို့မှာ လယ်သမားများသာ ဖြစ်နေလိမ့်ဦးမည် ဖြစ်ကြောင်းပါ။ ထွန်းဇော်ဌေး
2 years Ago
Up