မြေစာပုံပြိုကျ

July 15, 2018

ဖားကန့်မြေစာပုံပြိုကျမှုကြောင့် ၁၅ ဦးသေဆုံး၊ ပျောက်ဆုံးသူစာရင်း ပေးကြရန် တာဝန်ရှိသူ ပြော

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူ ၁၅ ဦး၊ ၄၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေတယ်လို့  ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနီးက မဟာအစပထမ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမှ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးနံရံ မနေ့မွန်းလွဲ ၂ နာရီကျော်က ပြိုကျခဲ့တပြိး အမျိုးသားအလောင်း ၁၄ လောင်း အမျိုးသမီးအလောင်း ၁ လောင်းနဲ့ ဒဏ်ရာရရှိသူ ၄၅ ဦးအထိ တူးဖော်ရ ရှိခဲ့တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ဒီဗွီဘီကို ပြောပါတယ်။ မြေစာပုံအောက် ပိတ်မိနေသူတွေအား ရှာဖွေမှုကို မနေ့က ညနေ ၅ နာရီခွဲမှာ ရပ်နားထားလိုက်ပြီး ဒီကနေ့မနက်မှာ ဆက်လက်ရှာဖွေနေပါတယ်။ မိမိတို့ ပတ်ဝန်းကျင်မိသားစုတွေဆီက လူပျောက်ခြင်း ရှိမရှိ လာရောက်သတင်းပို့ပေးဖို့ကို ဖားကန့်မြို့နယ် ကျောက်စိမ်းလုပ်ကိုင်နေတဲ့နေရာတွေ အကုန်လုံးကို လိုက်လံ အသိပေးထားမှုတွေပြုလုပ်နေပါတယ်။ အခု ကမ်းပါးပြိုတဲ့နေရာဟာ ဧပြီလအတွင်းက သက်တမ်းကုန်နေတဲ့လုပ်ကွက်ဖြစ်ပြီး အန္တရာယ်သတိပေး ဆိုင်းဘုတ်တွေလည်း စိုက်ထူထားပြီး အခုဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကို လူမှုရေးအရ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဦးဆောင်ပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားမယ်လို့ ဖားကန့်မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်ကပြောပါတယ်။ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ၂ဝ၁၈ ခုနှစ်အတွင်း မြေပြိုမှု၊ ကမ်းပါးပြိုကျမှု ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၇၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၇ ဦး ရှိခဲ့ပါတယ်။ အခုကမ်းပါးနံရံပြိုကျမှုဟာ အနီးနားက ကုမ္ပဏီတခုက မိုင်းဖောက်ခွဲပြီး သိပ်မကြာခင် ပြိုကျခဲ့တာလို့ လွတ်မြောက်လာသူတဦးကပြောပါတယ်။
3 years Ago

June 3, 2018

မိုးညှင်းတွင် မြေစာပုံပြိုကျ၍ အမျိုးသား ၁ ဦးသေဆုံး

မိုးညှင်းမြို့နယ်မှာ ဇွန် ၂ ရက်နေ့ ညနေ ၄ နာရီက မြေစာပုံပြိုကျလို့ အမျိုးသား ၁ ဦး သေဆုံးသွားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ထားပါတယ်။ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ၊ နမ္မချီမှော် တောင်းစိမ်းလေးမှော်လုပ်ကွက်ဟောင်း မြေစာပုံမှာ အောင်ဝေဦးဟာ ရေမဆေးကျောက် ရှာဖွေနေစဉ် မြေစာပုံပြိုကျပြီး ကျောက်တုံးပိမိကာ ဦးခေါင်း၊ နှဖူး၊ ဝဲပေါင်၊ ဝှေးစေ့၊ ဝဲပါး၊ ရင်အုံ၊ နောက်ကျောညိုမဲ ပွန်းပဲ့ပေါက်ပြဲဒဏ်ရာတွေရရှိခဲ့လို့ မိုးညှင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရာ ညနေ ၅ နာရီ ၁၅ မိနစ်မှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ မိုးညှင်းမြို့မ ရဲစခန်းက အောင်ဝေဦး သေဆုံးမှုကို သေမှုသေခင်းအမှတ်စဉ် (၃၄/၂၀၁၈) ရေးဖွင့်စစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
3 years Ago
Up