မြေကျွံ

October 19, 2017

အိမ်အပြင်ဘက်တွင် မြေကျွံကျ၍ အိမ်ရှင်စုံတွဲကို ဘေးလွတ်ရာ ရွှေ့ပြောင်း (ရုပ်သံ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အိုကလာမြို့က စုံတွဲတတွဲရဲ့ နေအိမ်အပြင်ဘက်မှာ မြေကျွံကျပြီး တွင်းကြီးဖြစ်ခဲ့လို့ အိမ်ရှင်စုံတွဲကို ဘေးလွတ်ရာ ရွှေ့ပြောင်းလိုက်ရပါတယ်။ ဒေသခံတွေဟာ ရက်သတ္တပတ် တော်တော်ကြာကတည်းက ချိုင့်တခုဖြစ်နေတာ သတိထားမိပေမယ့် အောက်တိုဘာ ၁၇ ရက် မနက်ရောက်မှ မြေကျွံပြီး တွင်းကြီး ဖြစ်လာတာပါ။ ဒီတွင်းကြီးဟာ ၂၅ ပေ ပတ်လည်ရှိပြီး ၁၅ ပေနက်တယ်လို့ သိရပါတယ်။ ဒေသခံအမျိုးသမီးတဦးဖြစ်တဲ့ လင်ဒါမက်ကောမစ်က "ဒါကိုမြင်ရလို့ ကြောက်စိတ် စိုးရိမ်စိတ် မရှိပါဘူး” လို့ ဌာနေသတင်းဌာနကို ပြောခဲ့ပြီး ပြီးခဲ့တဲ့အပတ်က မိုးများ ရေကြီးလို့ မြေကျွံခဲ့တာဖြစ်မယ်လို့ သူမက ယူဆနေတာပါ။ ဒီမြို့မှာပဲ ဇွန်လတုန်းကလည်း အကျယ် ၂၅ ပေ၊ အနက် ၂၅ ပေရှိတဲ့ မြေကျွံမှုဖြစ်ခဲ့ပြီး ကားတစီး မြေကမံပေါက်ထဲ ကျခဲ့ပေမယ့် ကားထဲက လူ ၂ ဦး လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ မြေကျွံမှုဖြစ်ခဲ့တဲ့ ၂ နေရာစလုံးကို ပြင်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မေရာသတင်းမှာ အောက်တိုဘာ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago

August 9, 2017

အမေရိကန်တွင် မြေကျွံကျမှုကြောင့် အိမ် ၇ လုံး ပျက်စီး

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပက်စကာခရိုင်ထဲက Land O' Lakes မြို့နယ်မှာ သဘာဝမြေကျွံမှုတခုကြောင့် ပျက်စီးခဲ့တဲ့ အိမ်အရေအတွက် ၇ လုံးရှိပြီလို့ ဒေသခံအရာရှိတွေက သြဂုတ် ၇ ရက်နေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်ရဲ့ အောက်ခံမြေသားဟာ အခေါင်းပွတွေပါတဲ့ ထုံးကျောက်အမျိုးအစား ဖြစ်တာကြောင့် ဖလော်ရီဒါမှာ မကြာခဏ မြေကျွံကျလေ့ရှိတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၄ ရက်နေ့မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ အဲဒီမြေကျွံမှုဟာ ဒီရက်ပိုင်းအတွင်းမှာတော့ နာရီပိုင်းအတွင်း ပေ ရာကျော်တဲ့ မြေကျွံကျင်းကြီး ဖြစ်လာခဲ့တယ်လို့ အရာရှိတွေက မြေကျွံကျမှု မရပ်တန့်ခင်တည်းက ပြောခဲ့ပါတယ်။ ပထမပိုင်းမှာ အိမ် ၂ လုံး ပျက်စီးခဲ့ရတဲ့ အဲဒီမြေကျွံမှုကြောင့် အနီးအနားက နောက်ထပ် အိမ် ၅ လုံးဟာလည်း လူနေဖို့ မသင့်တော့ဘဲ ဖျက်ဆီးဖို့လိုတယ်လို့ အစိုးရအရာရှိတွေက ပြောခဲ့တာပါ။ သြဂုတ် ၇ ရက်နေ့က အန်ဘီစီ ဒေသခံသတင်းတခုက ပေးပို့တဲ့ ဗွီဒီယိုမှာ ရှင်းလင်းရေး ကန်ထရိုက်တွေနဲ့ အာမခံကုမ္ပဏီက လူတွေ အလုပ်လုပ်နေကြတာကို အပျက်အစီးတွေကြားမှာ တွေ့ရပါတယ်။ “အခု ကျနော်ရပ်နေတဲ့ အနောက်မှာ ဘောလုံးကွင်း ၃ ကွင်းစာလောက်ရှိတဲ့ မြေကျွံချိုင့်ရှိပါတယ်။ ဒီနေ့ ကျနော်တို့လုပ်မှာ ၂ ခုရှိပါတယ်။ ရေမျက်နှာပြင်ကျသွားပြီး အပျက်အစီးတွေ ဖယ်ထုတ်ဖို့၊ အထဲကရေတွေကို ထုတ်တာနဲ့ အပျက်အစီးတွေ ဖယ်တာပါ။ ဒါပေမယ့် ရေတွေကို အများကြီးထုတ်လိုက်ရင်လည်း ဘေးနံရံတွေ ထပ်ပြိုမှာစိုးလို့ နည်းနည်းပဲ အရင်ထုတ်လို့ရမှာပါ။ အပျက်အဆီးတွေဖယ်မယ့် ကန်ထရိုက်တွေလည်း ဒီနေ့စပြီး အလုပ် လုပ်နေကြပါပြီ။ ဒီမှာ ဘက်ဟိုးတွေနဲ့ တခြားစက်ပစ္စည်းတွေလည်း သုံးရပါတယ်။ အဲဒီမှာ စက်ယန္တယားကြီးတွေနဲ့ အလုပ်လုပ်နေတာ တွေ့နိုင်ပါတယ်” လို့ ပက်စ်ကိုမြို့နယ်ရုံး ပြန်ကြားရေးအရာရှိက ပြောပါတယ်။ အခုချိန်မှာတော့ အပျက်အစီးတွေကို ဖယ်ရှားဖို့နဲ့ ရေတွေထုတ်ပစ်ဖို့ အဲဒီမြေကျင်းရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ မြေထုရဲ့ အခြေအနေကို စစ်ဆေးတွက်ချက်နေပါတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
4 years Ago
Up