ပြေးလမ်းချော်သည့် ဂျက်လေယာဉ် ပင်လယ်ထဲပြုတ်ကျခါနီးမှ ရပ်တန့်

January 15, 2018

ပြေးလမ်းချော်သည့် ဂျက်လေယာဉ် ပင်လယ်ထဲပြုတ်ကျခါနီးမှ ရပ်တန့်

ခရီးသည်အပြည့်တင်ဆောင်ထားတဲ့ လေယာဉ်တစီး မြေပြင်ပေါ် ဆိုက်ရောက်ရပ်နားဖို့ ကြိုးစားစဉ် ရေခဲနေတဲ့ လေယာဉ်ပြေးလမ်းက ချော်ပြီး ပင်လယ်နက်ထဲ ပြုတ်ကျဖို့ ကိုက်အနည်းငယ်အကွာမှာ ရပ်တန့်သွားပါတယ်။ ခရီးသည် ၁၆၂ ဦး တင်လာတဲ့ ပီဂါစု (Pegasus) လေကြောင်းလိုင်းရဲ့ ဂျက်လေယာဉ်ဟာ တူရကီနိုင်ငံ မြောက်ပိုင်း ထရက်ဘ်ဇုံမြို့လေဆိပ်က အေးခဲနေတဲ့ ရွှံ့တွေထဲ ဝင်သွားပြီး ပင်လယ်ကမ်းခြေ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျမလို ဖြစ်နေတာပါ။ တူရကီအာဏာပိုင်တွေက ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုတာ ခုထိမသိသေးဘူးလို့ ပြောလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ လေဆိပ်ကို ညတွင်းချင်း ပိတ်လိုက်တယ်လို့ သိရပါတယ်။ အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေထဲမှာ လေယာဉ်ရဲ့ ခရီးသည်တင်နေရာကနေ မီးခိုးတွေ ထွက်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် ထရက်ဘ်ဇုံမြို့တော်ဝန် ယူစယ်ရာဗက်ဇ်က ခရီးသည် ၁၆၂ ဦးနဲ့ လေယာဉ်ဝန်ထမ်းတွေ အားလုံးကို လုံခြုံဘေးကင်းတဲ့နေရာ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ ပြောကြောင်း သည်ဆန်းသတင်းမှာ ဇန်နဝါရီ ၁၄ ရက်နေ့က ဖော်ပြထားပါတယ်။ နောက်ထပ် လေယာဉ်တစီးလည်း ဇန်နဝါရီ ၁၃ ရက် ညက တူရကီနိုင်ငံရဲ့မြို့တော် အန်ကာရာကနေ ထွက်ခွာလာပြီး ရွှံ့ထဲမှာ နစ်သွားသေးတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up