ပြောကြားသည့်စက်ရုပ်

May 20, 2017

ကမ္ဘာ့ဖလားပွဲလာ ဘောလုံးပရိသတ်ကို အကာအကွယ်ပေးမည်ဟု ပြောကြားသည့်စက်ရုပ်

ရုရှားနိုင်ငံက စကားပြောတတ်တဲ့ စက်ရုပ်က နောက်နှစ်ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ဘောလုံးနှစ်သက်သူ ပရိသတ်တွေကို အကာအကွယ်ပေးနိုင်မယ်၊ ပြဿနာတွေပေါ်ခဲ့ရင် ရဲကိုတောင် ခေါ်ပေးနိုင်မယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့ နည်းပညာ အင်စတီကျု့ (အမ်တီအိုင်)  သိပ္ပံပညာရှင်တွေက စကားပြောနိုင်၊ ရန်ပွဲတွေကို သံတမန်ဆန်ဆန်ဖြေရှင်းနိုင်မယ့် အလန်တင်မ်လို့ ခေါ်တဲ့ ၄ ပေ အရပ်အမြင့်ရှိတဲ့ စက်ရုပ်ကို တီထွင်ပြသလိုက်တာပါ။ သူ့ရဲ့အဓိကဝါသနာက ဘောလုံးကစားနည်းဖြစ်တယ်၊ သူက ဘောလုံးပွဲတွေကို နှစ်သက်တယ်၊ ဘောလုံးအသင်းတွေရဲ့ ကစားနည်းဗျူဟာတွေကို လေ့လာဆန်းစစ်ရတာ ကြိုက်တယ်လို့ ဆိုပါတယ်။ အင်စတီကျု့က ဖြန့်ဝေထားတဲ့ ရုပ်သံထဲမှာ စက်ရုပ်က “ကျနော်အင်တာနက်မှာ ဖတ်ထားလို့    အင်္ဂလိပ်လူမျိုး ဘောလုံးပွဲနှစ်သက်သူ တော်တော်များများက ရုရှားကို လာလည်ဖို့ လုံခြုံရေးကို သံသယဖြစ် စိတ်ပူနေကြတာ သိရတယ်။ ခင်ဗျားတို့ ဘာမှ စိတ်ပူစရာ မလိုဘူး၊ ခင်ဗျားတို့ကို ကာကွယ်ဖို့ ကျနော် အချိန်မရွေးရှိနေမယ်။ မော်စကိုမှာ ခင်ဗျားတို့ကို ဘယ်ပြဿနာကမဆို ကာကွယ်ဖို့ ခင်ဗျားတို့နဲ့ အတူရှိနေမယ်လို့ ကျနော်ကတိပေးတယ်”လို့ ပြောပါတယ်။ စက်ရုပ်ကို တီထွင်ထားတဲ့ အင်စတီကျူ့ကလည်း အလန်တင်မ်က ယူကေက ဘောလုံးပွဲနှစ်သက်သူ တော်တော်များများက ရုရှားကို လာလည်ဖို့ စိတ်ပူနေကြတယ်ဆိုတာ သိတယ်လို့ ပြောပါတယ်။ “သူတို့ရဲ့စိတ်ပူပန်မှုတွေ လျော့ကျစေဖို့ စက်ရုပ်က သူတို့နဲ့အတူရှိမယ်ဆိုတဲ့ အကြောင်း ကတိပေးသလို ဘယ်ပြဿနာတွေကိုမဆို တတ်နိုင်သလောက် ကာကွယ်ပေးမှာပါ” “စက်ရုပ်က လူတွေရဲ့ စိတ်ခံစားချက်ကို သိရှိအာရုံခံစားနိုင်လို့ အင်္ဂလန်ပရိသတ်ကို ရန်ပြုမှာမျိုး သူသတိပြုမိတဲ့အခါ သူက ရဲကို ချက်ခြင်း ဆက်သွယ်အကြောင်းကြားနိုင်မှာပါ။ ဒါအပြင် စက်ရုပ်က အရေးကြီးတဲ့ စကားတွေပြောနိုင်ပြီး ရန်ပွဲတွေကိုလည်း သံတမန်နည်းလမ်းတွေနဲ့ ဖြေရှင်းပေးမှာပါ” လို့ အင်စတီကျူ့ကလည်း ပြောကြောင်း မေရာသတင်းရဲ့ မေလ ၁၉ ရက်နေ့မှာ ရေးထားပါတယ်။
4 years Ago
Up