ပြောင်းရွှေ့

December 24, 2017

ပီရူးသမ္မတဟောင်း ကျန်းမာရေး စိုးရိမ်ရသဖြင့် အကျဉ်းထောင်မှ ဆေးရုံသို့ ပြောင်းရွှေ့

ပီရူးသမ္မတဟောင်း ဖူဂျီမိုရိဟာ ကျန်းမာရေး အခြေအနေ စိုးရိမ်ရတဲ့အတွက် အကျဉ်းထောင်ကနေ ဆေးရုံကို ပြောင်းရွှေ့ခဲ့ရတယ်လို့ သူ့ဆရာဝန်က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အသက် ၇၉ နှစ်အရွယ် ပီရူးသမ္မတဟောင်း ဖူဂျီမိုရိဟာ အဂတိလိုက်စားမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ပြစ်မှုတွေကြောင့် ထောင်ဒဏ် ၂၅ နှစ် ကျခံနေရတာဖြစ်ပါတယ်။ သမ္မတဟောင်း ဖူဂျီမိုရီကို အကျင့်ပျက် အာဏာရှင်တဦးအဖြစ် လူအချို့က သတ်မှတ်ကြပေမယ့် အချို့က သမ္မတ တာဝန်ထမ်းဆောင်တဲ့ ကာလအတွင်း စီးပွားရေး အကျပ်အတည်းနဲ့ လက်ဝဲ၀ါဒီ  သောင်းကျန်းမှုကို  အဆုံးသတ်ခဲ့တယ်ဆိုပြီး  ချီးကျူးခဲ့ကြပါတယ်။ သူ့ရဲ့ ဆရာဝန်ဖြစ်သူက ဖူဂျီမိုရီဟာ သွေးဖိအား အလွန်အမင်း ကျဆင်းမှုနဲ့ နှလုံးခုန်နှုန်း မူမမှန်မှုကြောင့် အသက်အန္တရယ် စိုးရိမ်ရတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ သမ္မတဟောင်း ဖူဂျီမိုရီရဲ့ အရေးပေါ် ကျန်းမာရေးအခြေအနေဟာ  လက်ရှိ သမ္မတ ကူချန်စကီကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဖိအားပေးဖွယ်ရှိပြီး အဲဒီ ဆုံးဖြတ်ချက်ဟာလည်း ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

August 27, 2017

မင်းဘူးတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်၊ လူဦးရေ ၁၅၀၀ ခန့် ပြောင်းရွှေ့

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ကျေးရွာ ၁၃ ရွာမှာ ဧရာဝတီ မြစ်ရေမြင့်တက်လာပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ လူနေအိမ်တွေ ရေနစ်မြုပ်တဲ့အတွက် လူဦးရေ ၁၄၂၀ ဦး ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။ မင်းဘူးမြို့ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)ရပ်ကွက်နဲ့  မန်းကျိုးကျေးရွာအုပ်စုက ထုံးမကြီး၊ မန်းကျိုး၊ ရွာသစ်ကုန်း၊ ဖလံရုံကျေးရွာအုပ်စုက ဖလံရုံ၊ သနပ်ပင်အုပ်စုက ငွေသောင်၊ သနပ်ပင်စု၊ ကျောင်းကုန်း၊ ထောက်ရှာပင်ကျေးရွာအုပ်စုက တပင်ရွာ၊ ကျွဲသုံးမြှောင်၊ နိဗ္ဗန်ကျွန်း ကျေးရွာအုပ်စုက နိဗ္ဗာကျွန်း၊ ကျောက်စံကျေးရွာအုပ်စုက ဆည်ရွာအပါအဝင် နန်းတော်ကုန်း၊ ရွာသာ ကျေးရွာတွေ ရေနစ်မြုပ်ခဲ့တာပါ။ မင်းလှမြို့နယ် ညောင်ပင်သာ ကျေးရွာရှိ ပြောင်းရွှေ့နေအိမ် ၇၃ အိမ်၊ လူဦးရေ ၂၉၁ ဦးရှိပြီး သရက်ခရိုင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနမှ ထောက်ပံ့ငွေတွေအနေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် လူတဦးကို ၂၁၀၀ ကျပ်နှုန်းနဲ့ တပတ်စာ ဆန်ဖိုးထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးက ပြောပါတယ်။ မင်းဘူးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဒုတိယအကြိမ် ဝင်ရောက်နေရာ သြဂုတ် ၂၅ ရက်အထိ ရပ်ကွက် ၃ ရပ်ကွက်နဲ့ ကျေးရွာ ၁၃ ရွာက ရေဘေးသင့်အိမ်ထောင်စု ၄၁၂ အိမ်ထောင်စု၊ လူဦးရေ ၁၄၂၀ ဦး၊ ကျွဲနွား ၇၃၄ ကောင်၊ သိုးဆိတ် ၄၂၇ ကောင်တို့ကို ပြောင်းရွှေ့နေရာချထားပေးထားတယ်လို့ မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ အမှတ်(၃)ရပ်ကွက်က ရေဘေးသင့် ပြည်သူ ဒေါ်တင်လှက “မြစ်ရေကနှစ်စဉ်တက်တယ်၊ ၁နှစ်ကို ၃ ကြိမ်လောက်တက် တတ်ပါတယ်၊ စိုးရိမ်ရေမှတ်ကျော်ပြီဆို မြို့ရဲ့ ၃ ပုံ ၁ ပုံလောက်က ရေနစ်တော့တာဘဲ၊ တာဝန်ရှိသူတွေကတော့ ရေထဲ မနေနိင်သူတွေကို နေရာပေးတယ်၊ လက်ညိုးညွန်ပေးလိုက်တာပါ ကိုယ်ဖာသာ ကိုယ်ရွေ့ပြောင်း ဆောက်လုပ်နေပေါ့၊ ဆန်ဖိုးတပတ်စာတော့ ထောက်ပံ့ပေးပါတယ်၊ ဒါတွေ မလိုချင်ပါဘူး အမှန်တကယ်လုပ်ရမှာက ရေကာတာ ဆောက်ပေးဖို့ လိုအပ်နေတာပါ” လို့ ပြောပါတယ်။ သြဂုတ်လ ၂၆ ရက်နေ့က ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက် အနည်းငယ် ပြန်ကျသွားပြီးဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။ သတင်း-မင်းထီး
4 years Ago
More News
Up