ပြော

January 11, 2018

အန်စီအေအဓိပ္ပာယ်ဖွင့်ဆိုမှု အစိုးရနှင့်အပစ်ရပ်အဖွဲ့တို့ နားလည်မှုလွဲဟု ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ပြော

အစိုးရနဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့အကြား အန်စီအေ အပစ်ရပ်စာချုပ်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုမှုပိုင်းမှာ နားလည်မှု၊ တူညီခြင်း မရှိသေးဘူးလို့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောလိုက်ပါတယ်။ ဇန်န၀ါရီ ၁၁ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာလုပ်တဲ့ အပစ်ရပ်တပ်ဖွဲ့ ၈ ခုရဲ့ PPST ခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးအဖွင့်မှာ ပြောခဲ့တာဖြစ်ပြီး အစိုးရဘက်က နားလည်ထားတာတွေ မတူညီဘူးဆိုတာ ရုတ်တရက်တွေ့ရှိလိုက်ရလို့ အခု အရေးပေါ် အစည်းအဝေး ခေါ်ရတာလို့လည်း ပြောပါတယ်။ လတ်တလော အပစ်ရပ်တပ်ဖွဲ့တခုဖြစ်တဲ့  ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ RCSS/SSA ရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို တပ်မတော်က လိုက်လံဟန့်တားခဲ့တာဟာလည်း ဒီလို နားလည်မှု လွဲနေတာကြောင့်ဖြစ်တယ်လို့လည်း ပြောပါတယ်။ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို ဦးတည်ပြီး ပြင်ဆင်နေတဲ့ လုပ်ငန်းစဉ်တွေမှာ မမျှော်လင့်ဘဲ ကျနော်တို့ EAOs တွေ နားလည်ထားတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ပြင်ဆင်မှု လုပ်ငန်းစဉ်အဆင့်ဆင့်တွေအပေါ် နားလည်ထားတဲ့ နားလည်မှုနဲ့ အစိုးရဘက်က နားလည်ထားတာတွေ မတူညီဘူးဆိုတာ ရုတ်တရက်တွေ့ရှိလိုက်ရလို့ ဒါတွေကို အမြန်ဆုံး တွေ့ဆုံဖြေရှင်းနိုင်ဖို့အတွက် ကျနော်တို့အကြား တိုင်ပင်ညှိနှိုင်းနိုင်ဖို့ ခေါ်ယူတဲ့ အစည်းအဝေးဖြစ်ပါတယ်။” နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ အခုလုပ်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို လာရောက်ပွတ်တိုက် ရိုက်ခတ်တာပဲလို့လည်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောပါတယ်။ “နှစ်ပေါင်း ၆၀ ကျော်ကာလက နိုင်ငံရေးပြဿနာရဲ့ အမြင့်ဆုံးသော ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်တဲ့ လက်နက်ကိုင်စွဲပြီး အပြန်အလှန်တိုက်ခိုက်ကြတဲ့ အတွေ့အကြုံတွေကြောင့် မယုံကြည်မှုတွေ၊ သံသယစိတ်တွေ၊ စိုးရိမ်စိတ်တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာပါဝင်တဲ့ အဓိက Stakeholders တွေကြားမှာ အမြစ်တွယ်နေကြတာဟာ ငြင်းလို့မရတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒီဟာတွေက အခု နိုင်ငံရေးဆွေနွေးပွဲတွေ လုပ်တဲ့အခါမှာ လာပြီး ပွတ်တိုက်မှု ဖြစ်လာရတာဖြစ်တယ်။” NCA ရဲ့ မူတခုဖြစ်တဲ့ တွေ့ဆုံညှိနှိုင်း အဖြေရှာခြင်းဆိုတဲ့ အခြေခံကနေ အဖြေရှာကြဖို့လည်း သူက တိုက်တွန်းသွားပါတယ်။ အစိုးရနဲ့ အပစ်ရပ်တပ်ဖွဲ့ ၈ ခုတို့ဟာ ဇန်န၀ါရီလကုန်ပိုင်း တတိယပင်လုံညီလာခံလုပ်ဖို့ ကြိုတင်ပြင်ဆင်နေကြရင်း ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ RCSS/SSA ရဲ့ လူထုနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို တပ်မတော်က ဟန့်တားတဲ့ပြဿနာ ပေါ်လာလို့ တပ်ဖွဲ့တို့ဘက်က အရေးပေါ် စည်းဝေး ဆွေးနွေး အဖြေရှာနေကြတာ ဖြစ်ပါတယ်။ အပစ်ရပ်တပ်ဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အရေးပေါ် အစည်းအဝေးကို ဇန်န၀ါရီ ၁၂ ရက်အထိ ဆက်လက်ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ တပ်ဖွဲ့တို့ရဲ့ အင်တာနက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
3 years Ago

September 2, 2017

လုံခြုံရေးကို အဓိကဦးစားပေး ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြော

ရခိုင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားတွေအတွက် လုံခြုံရေးကို အဓိကဦးစားပေး ဆောင်ရွက်နေပြီး စားနပ်ရိက္ခာ မပြတ်လပ်အောင်လည်း ပြုလုပ်ပေးနေတယ်လို့ ရခိုင်ပြည်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြီး မောင်တောမြို့နယ် ဝေလာတောင်ကျေးရွာမှာ ခေတ္တခိုလှုံနေကြတဲ့ ဒေသခံတွေကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ စက်တင်ဘာ ၁ ရက်က စားနပ်ရိက္ခာတွေ သွားရောက် ထောက်ပံ့ပေးခဲ့ပြီး အခုလို ပြောကြားခဲ့တာပါ။ ဝန်ကြီးချုပ် ဦးညီပုက ဒေသခံတိုင်းရင်းသားတွေအတွက် လုံခြုံရေးကို အဓိကဦးစားပေး ဆောင်ရွက်ပေးထားကြောင်း၊ ရိက္ခာတွေ မပြတ်လပ်အောင် စီစဉ်ဆောင်ရွက်ပေးထားပါ ကြောင်းနဲ့ ဒေသခံတွေ တင်ပြလာတဲ့ အခက်အခဲ လိုအပ်ချက်တွေကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။ ဆန်အိတ် ၃ဝ၊ ဆီ ၁၂ လီတာပါ ရှစ်ပါကင်၊ ငါးသေတ္တာ ဘူး ၂ဝဝ၊ ဆား ၅၆ ပိဿာ၊ ငရုတ်သီးခြောက်နဲ့ တခြားစားသောက်ကုန် ပစ္စည်းတွေကို ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဒိုင်းနက်လူမျိုးငါးဦးရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကိုလည်း ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထာါးပတယ်။ ၀န်ကြီးချုပ်နဲ့အဖွဲ့ဟာ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေက တိုင်းရင်းသားကျေးရွာတွေကိုလည်း သွားရောက်ကာ ကူညီထောက်ပံ့မှုတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
4 years Ago
Up