ခြောက်လအတွင်း အမျိုးသားအယောက် ၄၀ ၏ မုဒိမ်းကျင့်ခံခဲ့ရသည့် ၁၄ နှစ်သမီးအမှု ရဲကိုတိုင်

September 5, 2017

ခြောက်လအတွင်း အမျိုးသားအယောက် ၄၀ ၏ မုဒိမ်းကျင့်ခံခဲ့ရသည့် ၁၄ နှစ်သမီးအမှု ရဲကိုတိုင်

ထိုင်းနိုင်ငံမှာ ၁၄ နှစ်အရွယ် သမီးဖြစ်သူကို ၆ လအတွင်း အမျိုးသားအယောက် ၄၀ က မုဒိမ်းကျင့်ခဲ့တယ်ဆိုပြီး မိခင်ဖြစ်သူက ရဲတွေကို လာရောက်တိုင်တန်းခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဖန်ငခရိုင်တွင်း ကျေးရွာတရွာမှာ ဖြစ်ခဲ့တာဖြစ်ပြီး မေလကနေ အောက်တိုဘာလအထိ ၆ လတာကာလအတွင်း တရွာတည်းနေ အမျိုးသား ၄၀ လောက်က ခုလိုကျူးလွန်ခဲ့ကြတာလို့ စက်တင်ဘာ ၄ ရက်နေ့ ဖူးခက်ဂဇက် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ “ကျနော်တို့ ခုချိန်ထိတော့ ဒီပြစ်မှုကျူးလွန်သူ အရေအတွက်ကို မဖော်ပြနိုင်သေးပါဘူး။ စုံစမ်းစစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်” လို့ ကောက်လွိုင်ဒေသ ဒုတိယရဲမှူးကြီး ကစ်တိပွန် တင်သာလန်က ပြောပါတယ်။ မိခင်နဲ့ သမီးဖြစ်သူတို့ကို မွတ်ဆလင်များအတွက် ငြိမ်းချမ်းရေးဖောင်ဒေးရှင်းအဖွဲ့မှ ချာနွန်အဗ္ဗဒူလာက ရဲစခန်းဆီ ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ “ဒါ စဖြစ်တာက လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းကပါ။ ကျနော်တို့ မိန်းကလေးနဲ့ စကားပြောကြည့်တဲ့အခါမှာ အမျိုးသား ၄၀ လောက် ဒီအမှုမှာပါတယ်လို့ ပြောပါတယ်။ ကနဦး လူ ၃ ဦးကိုတော့ ဖမ်းဆီးထားပါတယ်” လို့ ချန်နွန်က ပြောပါတယ်။ ဖမ်းမိတဲ့ လူ ၃ ဦးကို စစ်ဆေးတဲ့အချိန်မှာတော့ သူတို့ဟာ မိန်းကလေးကို အိမ်ထဲကနေ ခေါ်ထုတ်ပြီး အဓမ္မပြုကျင်ခဲ့ကြကာ တခြားလူတွေကိုပါ ဖိတ်ခေါ်ခဲ့ကြောင်း ဝန်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့အုပ်စုကပဲ မိန်းကလေးကို ၆ ကြိမ် အဓမ္မပြုကျင့်ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မိန်းကလေးကို တညတည်းမှာပဲ အမျိုးသား ၁၁ ဦးက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး တခြားနေ့တွေမှာတော့ ၅ ဦးကနေ ၇ ဦးထိ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ မိန်းကလေးကို သူ့မိဘတွေ ရာဘာလုပ်ငန်းခွင်သွားတဲ့အချိန်မှာ ခေါ်ထုတ်ခဲ့တာဖြစ်ပြီး ဒီကိစ္စကို ဘယ်သူ့မှမပြောဖို့ ခြိမ်းခြောက်ခံခဲ့ရကာ မိဘတွေ အန္တရာယ်ဖြစ်မှာစိုးရိမ်ပြီး ဒီအတိုင်း နေနေခဲ့တာပါ။ အဲဒီအချိန်မှာ တရွာတည်းနေ ဆွန်ဆက်ခ် လာအိုလန်က ဒီကိစ္စ ရဲတွေကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုဟာ အနီးနားဒေသတွေဆီ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး သာယာတဲ့ ကမ်းခြေရှိတဲ့ ဒေသဆီ သွားရောက်လည်ပတ်ဖို့ ဧည့်သည်တွေ ကြောက်ရွံ့လာကြပြီး ရွာရဲ့ ငြိမ်းချမ်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up