အေးရှန်းဂိမ်းစ်

August 21, 2018

အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲတွင် မွေးဖွားခဲ့သည့် ကလေးအား Asian Games ဟု အမည်ပေး

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲ (Asian Games) ဖွင့်ပွဲနေ့မှာ မွေးဖွားခဲ့တဲ့ ကလေးငယ်တဦးကို Asian Games လို့ အမည်ပေးလိုက်ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ သြဂုတ် ၂၀ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ဆူမားတြားကျွန်းစုထဲက ပလန်ဘန်းမြို့မှာ ဖြစ်ခဲ့တာပါ။ ကလေးငယ်ဟာ မိန်းကလေးတဦးဖြစ်ပြီး သူ့ရဲ့ဖခင်ဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ယော်ဒန်နီယာ ဒန်နီက “ကျနော် သမီးလေးကို သူကစားချင်တဲ့ အားကစားနည်းကို ရွေးချယ်စေမှာပါ။ ဒါဆို တနေ့မှာတော့ သူက ကြီးကျယ်တဲ့ အားကစားမယ်တယောက် ဖြစ်လာမှာပေါ့” လို့ ပြောလိုက်ပါတယ်။ ကလေးငယ်ရဲ့ နာမည်အပြည့်အစုံကိုတော့ အဘီဒါ အေးရှန်းဂိမ်းစ်လို့ ပေးလိုက်တာဖြစ်ပြီး သူဟာ ဂျကာတာမြို့တော်မှာ သြဂုတ် ၁၈ ရက်နေ့က ကျင်းပဖွင့်လှစ်တဲ့ အာရှအားကစားပြိုင်ပွဲ (Asian Games) ဖွင့်အပြီး နာရီပိုင်းအကြာမှာ မွေးလာခဲ့တာ ဖြစ်ပါတယ်။ ခုလို မွေးဖွားလာတာဟာ အချိန်ကိုက်ဖြစ်နေပြီး ဆရာဝန်တွေက အသက် ၃၈ နှစ်အရွယ် ဇနီးသည် ဗီရာနိုဗာရဲ့ကိုယ်ဝန်ကို စက်တင်ဘာလမှာမှ မွေးဖွားလိမ့်မယ်လို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။ ဒီကလေးငယ်ဟာ သူတို့မိသားစုရဲ့ ၄ ယောက်မြောက် ကလေးငယ် ဖြစ်လာခဲ့ပါတယ်။ အချိန်သီတင်း ၂ ပတ်ကြာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲမှာ နိုင်ငံပေါင်း ၄၅ နိုင်ငံက အားကစားသမားပေါင်း ၁ သောင်းကျော် ပါဝင်ယှဉ်ပြိုင်နေကြတာဖြစ်ပြီး အားကစားနည်း ၄၀ ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
3 years Ago
Up