အေးခဲကုသမှုနည်းပညာ

A d v e r t i s e m e n t With Us

October 16, 2015

အေးခဲကုသမှုနည်းပညာဖြင့် ထိန်းသိမ်းထားသည့် ကမ္ဘာ့အသက်အငယ်ဆုံး ထိုင်းကလေးငယ် (ရုပ်သံ)

ဒီနှစ်အစောပိုင်းက ရှားပါးဦးနှောက်ကင်ဆာဖြစ်ပြီး သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံမှ အသက် ၂ နှစ်အရွယ် ကလေးငယ်ဟာ အေးခဲကုသနည်းပညာနဲ့ ထိန်းသိမ်းထားတဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ကလေးငယ် ဖြစ်လာတယ်လို့ သြစတေးလျနိုင်ငံ အခြေစိုက် နိုင်းနယူးစ်မှာ ဖော်ပြပါတယ်။ မက်သရင်နာအိုဗာရက်ပွန် ခေါ် အင့်ဇ် (Matheryn Naovaratpong or Einz) အမည်ရ အဲဒီကလေးငယ်ဟာ သူ့ရဲ့ ၂ နှစ်ပြည့် မွေးနေ့အပြီးမှာ ကင်ဆာရောဂါ ရှိနေတာကို တွေ့ခဲ့တာဖြစ်ပြီး ၃ နှစ်မြောက်မွေးနေ့ မကျင်းပနိုင်ခင် ဇန်န၀ါရီ ၈ ရက်နေ့မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့မိဘတွေက အေးခဲကုသမှု နည်းပညာ အသုံးပြုပြီး ဆက်လက်ထားရှိမယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး အရီဇိုးနားအခြေစိုက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ အယ်ကောမှာ အသက်ဆက်ဝန်ဆောင်မှု ရနိုင်ဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့ကြတာပါ။ ဘန်ကောက်မြို့ကဆေးရုံမှာ သေဆုံးသွားပြီလို့ ကြေညာပြီးနောက် အယ်ကောအဖွဲ့က သူ့ရဲ့ ခန္ဓာကိုယ်တွင်း တစ်ရှူးတွေ မပျက်စီးစေဘဲ လည်ပတ်စေကာ ဦးနှောက်ကို အေးခဲစေတဲ့ နည်းပညာနဲ့ ထားရှိခဲ့တာပါ။ အဲဒီနောက် အရီဇိုးနားကို သူ့ရဲ့ရုပ်အလောင်း သယ်ယူသွားခဲ့ပြီး ဦးနှောက်ထုတ်ယူကာ -၁၉၆ ဒီဂရီမှာ ထားရှိခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သူဟာ အဲဒီအဖွဲ့ရဲ့ ၁၃၄ ဦးမြောက် အသက်အငယ်ဆုံးလူနာ ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့မိဘတွေကတော့ သူ့ရဲ့ နောက်ထပ် အသက်ဆက်လက်ရှင်သန်မှုအတွက် ခုလို ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး ဖခင်ဖြစ်သူ ဆာဟာတွန်းက “သိပ္ပံပညာရှင်တွေက ဒါကို ရာနှုန်းပြည့် ဖြစ်လာမယ်လို့ ယုံကြည်ကြပါတယ်။ ဘယ်နေ့ဖြစ်လာမလဲဆိုတာတော့ ကျနော်တို့လည်း မသိနိုင်ပါဘူး” လို့ ဘီဘီစီသတင်းဌာနကို ပြောပါတယ်။ “အရင်တုန်းက ဒါဟာ နှစ်ပေါင်း ၄၀၀ ကနေ ၅၀၀ လောက်မှ ဖြစ်လာမယ်လို့ ကျနော်တို့ ထင်ခဲ့ပေမယ့် ခုတော့ နှစ်ပေါင်း ၃၀ လောက်ဆိုရင် ဖြစ်လာနိုင်မယ်လို့ ကျနော်တို့ စိတ်ကူးကြည့်လို့ ရပါပြီ။” သူတို့မှာ မက်သရင်နာအိုဗာရက်ပွန်အပြင် တခြားကလေး ၃ ဦးရှိသေးပြီး မက်သရင်နာအိုဗာရက်ပွန်ရဲ့ အိပ်ခန်းကို အထွတ်အမြတ်ထားတဲ့ နေရာတခုလို ဆင်ယင်ထားရှိတာဖြစ်ပြီး သူတို့ တနေ့ပြန်ဆုံတွေ့မယ်လို့ ယုံကြည်နေပါတယ်။ ကျန်တဲ့ မိသားစုဝင်တွေကိုလည်း ခုလို အေးခဲကုသမှု  နည်းပညာနဲ့ ထိန်းသိမ်းထားရှိဖို့ ရည်ရွယ်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up