အေအေအဖွဲ့ခေါင်းဆောင် ၄ ဦးကို တရားခံပြေး အဖြစ်သတ်မှတ်

July 9, 2019

အေအေအဖွဲ့ခေါင်းဆောင် ၄ ဦးကို တရားခံပြေး အဖြစ်သတ်မှတ် 

ရက္ခိုင့်တပ်မတော် (အေအေ) အဖွဲ့ခေါင်းဆောင် လေးယောက်ကို  တပ်မတော်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားပြီး တရားခံပြေးအဖြစ် သတ်မှတ်ထားပါတယ်။ အေအေအဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါအဝင် ဒုတိယစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို တပ်မတော်က တရားစွဲဆိုခဲ့ပြီး တရားခံပြေးအဖြစ်သတ်မှတ်လိုက်တာပါ။ သူတို့လေးယောက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်က ရဲကင်းစခန်းတွေ ဝင်ရောက်တိုက်ခိုက်မှုအပါအဝင် ရခိုင်ပြည်နယ်အတွင်းလမ်းတွေကို ဗုံးခွဲတိုက်ခိုက်မှု စွပ်စွဲချက်နဲ့ မြောက်ဦးမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး အောင်သူရက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာလို့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ကျောင်းတောင်ကျေးရွာသားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေး နေတဲ့ ရှေ့နေက ပြောပါတယ်။ ဒါ့အပြင် ဖမ်းဆီးတရားစွဲဆိုခံထားရသူတွေထဲက ကျောင်းတောင်ကျေးရွာသားတွေရဲ့ အမှုကို လာမယ့်ရုံးချိန်းမှာ စတင်စစ်ဆေးနိုင်ပြီ ဖြစ်ပေမယ့် တရားခံပြေးအဖြစ်သတ်မှတ်ထားတဲ့ အေအေထိပ်ပိုင်းခေါင်းဆောင် ၄ ဦးကို အဲ့ဒီအမှုနဲ့ တပေါင်းတည်း ထည့်သွင်းထားတာကြောင့် စစ်ဆေးဖို့ ကြန့်ကြာနေတယ်လို့လည်း ဆိုပါတယ်။ အေအေခေါင်းဆောင်တွေကို တရားစွဲတာနဲ့ပက်သက်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။ ဒါ့အပြင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ၀င်းဇော်ဦးကို ဆက်သွယ်ရာမှာတော့ အင်တာနတ်လိုင်းပြတ်တောက်တဲ့နေရာကိုရောက်ရှိနေတာကြောင့်မသိရှိဘူးလို့ ဖြေဆိုပါတယ်။ ဝဏ္ဏခွာညို
2 years Ago
Up