အော်ဒီဖလားပြိုင်ပွဲတွင် လီဗာပူးက ဘိုင်ယန်ကို ၃ ဂိုး ဂိုးမရှိဖြင့် နိုင်

August 2, 2017

အော်ဒီဖလားပြိုင်ပွဲတွင် လီဗာပူးက ဘိုင်ယန်ကို ၃ ဂိုး ဂိုးမရှိဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)

ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ အော်ဒီဖလား (Audi Cup) ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအဖြစ် ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးတို့ သြဂုတ် ၁ ရက်က ယှဉ်ပြိုင်ရာ လီဗာပူးက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ တိုက်စစ်မှူး လီဝန်ဒေါကစီးကို အထောင်ထားပြီး မူလာ၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ရစ်ဘာရီ၊ တိုလစ်ဆို၊ အယ်လ်ကန်တာရာ၊ ဟမ်းမဲ စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပါတယ်။ လီဗာပူးကလည်း ဖာမီနိုကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုပြီး ကော်တင်ဟို၊ ဆာလာ၊ မာနေး၊ ဟန်ဒါဆန်၊ အမ်မရီကန်၊ မာတစ်ပ်၊ မိုရီနို စတဲ့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။ ပွဲချိန် ၇ မိနစ်မှာပဲ မာနေးက လီဗာပူးအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့သလို ၃၄ မိနစ်မှာ ဒီရာသီ အခေါ်ယူထားတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဆာလာက ဒုတိယဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်းအပြီးမှာ လီဗာပူးက ၂ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ဒုတိယပိုင်းမှာ လီဗာပူးက တိုက်စစ်မှူး စတာရစ်ခ်ျ အပါအဝင် ကစားသမားအများစု လူစားလဲ ယှဉ်ပြိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် တတိယဂိုးကို ပွဲချိန် ၈၃ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး စတာရစ်ခ်ျက သွင်းယူပေးခဲ့ပါတယ်။ ဂိုးသွင်းယူပြီး မကြာခင်မှာပဲ စတာရစ်ခ်ျ ပေါင်ဒဏ်ရာရသွားတဲ့အတွက် လူစားလဲခဲ့ရပါတယ်။ လာမယ့်ဘောလုံးရာသီအကြို ပြင်ဆင်မှုအဖြစ် အော်ဒီဖလားပြိုင်ပွဲကို အသင်းလေးသင်း ဖိတ်ခေါ်ယှဉ်ပြိုင်တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်၊ လီဗာပူး၊ အက်သလက်တီကိုမက်ဒရစ်၊ နာပိုလီတို့ ပါဝင်ပါတယ်။ မနေ့က အစောပိုင်းပွဲစဉ်အဖြစ် အက်သလက်တီကိုမက်ဒရစ်နဲ့ နာပိုလီတို့ ပွဲစဉ်မှာတော့ တီကိုက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အော်ဒီဖလား ဒုတိယပွဲစဉ်တွေအဖြစ် ဒီနေ့ညမှာ ဘိုင်ယန်မြူးနစ်နဲ့ နာပိုလီ၊ အက်သလက်တီကိုမက်ဒရစ်နဲ့ လီဗာပူးတို့ ဆက်လက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
4 years Ago
Up