အော်ဒီဖလား

August 3, 2017

လီဗာပူးကို ပယ်နယ်တီဖြင့်နိုင်ပြီး တီကို အော်ဒီဖလား ဆွတ်ခူး (ရုပ်သံဟိုက်လိုက်)

ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ အော်ဒီဖလား ဘောလုံးပြိုင်ပွဲ အက်သလက်တီကို မက်ဒရစ်နဲ့ လီဗာပူးတို့ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်က ပယ်နယ်တီအဆုံးအဖြတ် အပါအဝင် ၆ ဂိုး ၄ ဂိုးလေးနဲ့ နိုင်ပြီး ဖလားဆွတ်ခူးသွားပါတယ်။ သြဂုတ် ၂ ရက်က ယှဉ်ပြိုင်တဲ့ ဒီပွဲစဉ်မှာ အဖွင့်ဂိုးကို တီကိုက ရရှိခဲ့တာဖြစ်ပြီး ပွဲချိန် ၃၃ မိနစ်မှာ Keidi Bare က သွင်းယူပေးခဲ့တာပါ။ လီဗာပူးအတွက် ချေပဂိုးကို ဒုတိယပိုင်း ၈၃ မိနစ်ရောက်မှ ပယ်နယ်တီကတဆင့် တိုက်စစ်မှူး ဖာမီနိုက သွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန် မိနစ်ကိုးဆယ်မှာ တဘက်တဂိုးစီ သရေကျနေလို့ ပယ်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာမှာ တီကိုက ၅ ဂိုးစလုံးဝင်ပြီး လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆန်ကန်သွင်းတဲ့ ပယ်နယ်တီကို တီကို ဂိုးသမားကာကွယ်နိုင်ခဲ့အတွက် တီကို အနိုင်ရသွားခဲ့တာပါ။ အော်ဒီဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို အသင်းလေးသင်းနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး တီကိုက ပထမပွဲမှာ နာပိုလီကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ခဲ့တဲ့အတွက် နှစ်ပွဲစလုံး အနိုင်ရပြီး ဗိုလ်စွဲခဲ့တာပါ။ လီဗာပူးအသင်းကတော့ ပထမပွဲမှာ ဘိုင်ယန်မြူးနစ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့် အခုပွဲ ရှုံးနိမ့်ခဲ့တဲ့အတွက် ရာသီကြိုခြေစမ်းပွဲတွေမှာ ပထမဆုံးရှုံးပွဲ တွေ့ကြုံခဲ့သလို အော်ဒီဖလားနဲ့ လွဲခဲ့ရတာလည်း ဖြစ်ပါတယ်။ ကျန်ပွဲစဉ်ဖြစ်တဲ့ နာပိုလီနဲ့ ဘိုင်ယန်မြူးနစ်တို့ ယှဉ်ပြိုင်ရာမှာ နာပိုလီက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အိမ်ရှင် ဘိုင်ယန်မြူးနစ်ဟာ ဒီနှစ်ကျင်းပတဲ့ အော်ဒီဖလားပြိုင်ပွဲမှာ နိုင်ပွဲမရဘဲ နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့ပါတယ်။
4 years Ago
Up