အောင်​ပန်းမြို့

March 29, 2019

အောင်​ပန်းမြို့ရှိ သမိုင်းဝင်​ ဗိုလ်မှူးကြီးဗထူး​ကျောက်​တိုင်​ ဖြိုချ​ပြောင်း​ရွှေ့

က​လော​-တောင်​ကြီး ​လေးလမ်းသွားလမ်းဖောက်လုပ်​ဖို့ ရှမ်းပြည်နယ်၊ ​အောင်​ပန်းမြို့ရှိ သမိုင်းဝင်​ ဗိုလ်မှူးကြီး ဗထူး​ကျောက်​စာတိုင်​နဲ့ နာရီစင်​ကို မတ်လ ၂၈ ရက်က ဖြိုချလိုက်ပြီး နေရာ ပြောင်း​ရွှေ့စိုက်​ထူဖို့ လုပ်ဆောင်နေပါတယ်။ ​လေးလမ်းသွား နိုင်​လွန်​ကတ္တရာလမ်းခင်းရာမှာ လမ်းနဲ့ မလွတ်​ကင်းတဲ့အတွက် ဒီလို​ ပြောင်း​ရွေ့ဖြိုချဖို့ ​ကော်​မတီရဲ့ ဆုံးဖြတ်​ချက်​နဲ့ ရပ်​မိရပ်​ဖ သ​ဘောတူညီမှုအရ လူထုကို ဖိတ်​ကြားပြီးပွင့်​လင်းမြင်​သာမှုရှိ​အောင်​ အများ​ပြည်သူရှေ့မှောက် စက်​ယန္တယားနဲ့ ဖြိုချခဲ့တာလို့ လမ်းဦးစီးဌာန မြို့ပြ ​တောင်​ကြီး ခရိုင် လက်​​ထောက်​ညွန်​ကြား​ရေးမှူး ဦးမျိုးလင်းက ပြောပါတယ်။ “ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က လွှတ်တော်ကိုယ်စားလှယ်၊ စည်းကမ်းကော်မီတီဝင်တွေ ပါဝင်ခဲ့ပါတယ်။ နောက်တခုက အောင်ပန်းဒေသခံတွေပေါ့နော်။ ဒေသခံတွေမှာ သက်ကြီးဝါကြီးပုဂ္ဂိုလ်တွေ သွားရောက်ချည်းကပ်ပြီးတော့ မေးမြန်းမှုတွေလုပ်ခဲ့ပြီး ဒါလေးတွေကို စတင်ပြီးတော့ဆောင်ရွက်ဖို့ အစည်းအဝေးတွေကျင်းပခဲ့တာဖြစ်ပါတယ်။” နောက်ဆုံးအစည်းအဝေးကို မတ်လ ၂၂ ရက်က ပြုလုပ်ခဲ့ပြီး အများသဘာတူဆန္ဒနဲ့ ပြည်သူတွေကို အသိပေး ဖိတ်စာဝေပြီးလုပ်ဆောင်ခဲ့တယ်လို့လည်းဆိုပါတယ်။ ပုံစံတူ သမိုင်းဝင်​ ဗိုလ်မှူးကြီးဗထူး​ကျောက်​စာတိုင်​ကို ​အောင်​ပန်းမြို့ရှိ ဗထူးပန်းခြံမှာ​ ပြောင်း​ရွေ့စိုက်​ထူသွားဖို့ရှိတယ်လို့ က​လောမြို့နယ်​ ပြည်​နယ်​လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦးသန်းထိုက်​က​ပြောပါတယ်။ “စီမံကိန်း အတိုင်းလုပ်​တာ စီမံကိန်း ​အောင်​မြင်​ဖို့ အ​ထောက်​အကူပြု​ကော်​မတီဖွဲ့ထားတာ ဒီ​ကော်​မတီက​နေလုပ်​တာ တိတိကျကျလုပ်​တယ်​။ သမိုင်းဝင်​တဲ့ဟာကို ပြီးစလွယ်​မလုပ်​ဘူး စနစ်​တကျနဲ့လုပ်​တာ”လို့ ပြောပါတယ်​။ ​ကျောက်​တိုင်​အတွင်းမှာ အရိုးပြာအိုးရှိမယ်​လို့ထင်​ပြီး ​ဖြေး​ဖြေးချင်း ဖြိုချခဲ့​ပေမယ့်​ အရိုးပြာအိုး မ​တွေ့ရှိခဲ့ဘူးလို့လည်း သိရပါတယ်​။ က​လော-တောင်​ကြီး ​လေးလမ်းသွား နိုင်​လွန်​ကတ္တရာလမ်းကို ဧပြီလမှာဖွင့်လှစ်​နိုင်​ဖို့ ကျန်​ရှိ​နေတဲ့အပိုင်းကို လုပ်​​ဆောင်​​နေတာဖြစ်ပြီး ဒီလမ်းပိုင်းကို ​တောင်​​ပေါ်​ဒေသ လမ်း​ဆောက်​လုပ်​​ရေးကုမ္ပဏီက တာဝန်​ယူ​ဆောက်​လုပ်​တာဖြစ်​ပါတယ်​။ ဗိုလ်မှူးကြီးဗထူးဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးတာဝန်တွေကို ရွပ်ရွပ်ချွံချွံ  ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တာဖြစ်ပြီး သူကျဆုံးသွားခဲ့တဲ့ ဒေသမှာ ဗိုလ်မှူးကြီးဗထူးနှင့် အာဇာနည် ရဲဘော်များအထိမ်းအမှတ် ကျောက်တိုင်ကို ဂုဏ်ပြု စိုက်ထူထားတာဖြစ်ပါတယ်။ သတင်း- ခွန်​ရာဇာ
3 years Ago
Up