အောင်ကြည်မိုး (စစ်တွေ)

July 20, 2018

တခါတုန်းက တက္ကသိုလ် (သို့မဟုတ်) အန္တရာယ်ရှိ အဆောက်အဦ

အသုံးမပြုဘဲ ကြာပြီဖြစ်သော ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ စစ်တွေတက္ကသိုလ် ကျောင်းဟောင်း အဆောက်အဦကို မူလက အသုံးပြုခဲ့သော ‘အ.ထ.က (၁) စစ်တွေ’ အဖြစ် ပြန်လည်ပြောင်းလဲအသုံးပြုဖို့ အ.ထ.က (၁) စစ်တွေ ကျောင်းသားဟောင်းများက တောင်းဆိုခဲ့သည့်အတွက် အဆောက်အဦကို ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က စတင်၍ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို တင်ဒါအောင်သော ကုမ္ပဏီအား အပ်နှံပြီး သိန်းထောင်ချီ အကုန်အကျခံကာ ပြုပြင်စေခဲ့ပါသည်။ ဤသို့ ဒေသခံ ဆောက်လုပ်ရေးကုမ္ပဏီတခုအား တင်ဒါပေးကာ သိန်းထောင်ချီ အကုန်အကျခံ ပြင်ဆင်ပြီးခါမှ  ပညာရေးဌာနက အန္တရာယ်ရှိ အဆောက်အဦဟု ပြောလာပြီး မူလပိုင်ရှင် အစစ်အမှန်ဖြစ်သော အ.ထ.က (၁) စစ်တွေ စာသင်ဆောင်အဖြစ် ကျောင်းတက်ရန် မသင့်တော်ကြောင်း အခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။ ထိုအဆောက်အဦသည် ဗြိတိသျှ ကိုလိုနီလက်ထက် ၁၈၈၄ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး မူလက အ.ထ.က (၁) စစ်တွေ စာသင်ကျောင်းအဖြစ် အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းတွင် စစ်တွေတက္ကသိုလ်အဖြစ် ပြောင်းလဲအသုံးပြုခဲ့ခြင်း ဖြစ်သည်။ ‘အ.ထ.က (၁) စစ်တွေ ဒေသကောလိပ်၊ စစ်တွေဒီဂရီကောလိပ်နှင့် စစ်တွေတက္ကသိုလ်’ အဖြစ် ခေတ်အဆက်ဆက်တွင် ယာယီအသုံးပြုခဲ့သော အဆောက်အဦသည် နှစ်ပေါင်း (၁၃ဝ) ကျော် သက်တမ်းရှိနေပြီ ဖြစ်သည့်အတွက် အချိန်မရွေး ပြိုကျနိုင်သည့် အန္တရာယ်ရှိနေသော အဆောက်အဦ ဖြစ်နေပါသော်လည်း ငွေကြေးကုန်ကျခံ ပြင်ဆင်ပြီးခါမှ ပြိုကျနိုင်သည်ဟု ပညာရေးဌာန တာဝန်ရှိသူများက ပြောကြားလာခြင်းသည် အဆောက်အဦကို စတင်ပြင်ဆင်ကတည်းက အဆောက်အဦ၏ ခိုင်ခံ့မှု အခြေအနေများကို တွက်ချက်လေ့လာပြီး ပြုပြင်၍ ရ၊ မရ ဆိုသည့် ကိစ္စရပ်များကို သေချာစိစစ်ခြင်း မရှိခဲ့ဘဲ ဖြစ်သလို တင်ဒါပေး လုပ်ဆောင်နေခြင်းမှာ ပြည်သူ့ဘဏ္ဍာငွေကို ဖြုန်းတီးရာ ရောက်နေကြောင်း ရခိုင်ဒေသခံ ပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးစိန်လှထွန်းက ‘သက်ဆိုင်ရာမှ သွားရောက်စိစစ်ပြီး စာသင်ဆောင်အဖြစ် အသုံးပြုသင့်၊    မပြုသင့်ကို အထက်ဌာနဖြစ်သည့် အခြေခံပညာဦးစီးဌာနသို့ တင်ပြထားကြောင်း’ ပြောထားသည်ကို ရခိုင်ဒေသထုတ် ဂျာနယ်တစောင်မှာ ဖတ်လိုက်ရပြီး ၂ဝ၁၈ ခုနှစ် မတ်လ ၆ ရက်နေ့က အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း ဝင်ရောက်ကြည့်ရှုခဲ့ရာ ‘အန္တရာယ်ရှိသော စာသင်ဆောင်အဖြစ်’ မှတ်ချက်ပြုခဲ့သည်ဟု သိရသည်။ အဆောက်အဦကို သိန်းနှစ်ထောင်ကျော်လောက် အကုန်ကျခံပြီး ‘အပေါ်ယံ ဆေးဆိုးပန်းရိုက်’ ပြုပြင်နေခြင်းသည် လူမြင်ကောင်းအောင် ပြုလုပ်ကြခြင်းသာ ဖြစ်၏။ အဆောက်အဦ ကြံ့ခိုင်မှု ရှိ၊ မရှိ ဆိုသည်ကို ဗိသုကာ အင်ဂျင်နီယာ ပညာရှင်များအား အရင်စိစစ်စစ်ဆေးခွင့်မပေးဘဲ တင်ဒါအောင်သော ကုမ္ပဏီကို ပြုလုပ်စေခြင်းသည်ပင် တာဝန်ရှိသူများအနေနှင့် ပြည်သူ့ဘဏ္ဍာငွေကို ဖြုန်းတီးရာရောက်နေပေသည်။ ကျောင်းဆောင်ထဲမှ သံဘောင်များသည် သက်တမ်းလွန်နေပြီ ဖြစ်သဖြင့် အလွန်ဆွေးနေသောကြောင့် အချိန်မရွေး ပြိုကျပျက်စီးသွားနိုင်ပါသည်။ ဤသို့ ကိုလိုနီခေတ်ကတည်းက ဆောက်လုပ်ခဲ့သော နှစ်ပေါင်း ရာကျော်နေသည့် အဆောက်အဦကို အကြီးစား ပြုပြင်တည်ဆောက်ရေးမလုပ်ဘဲ အပေါ်ယံ ဆေးဆိုးပန်းရိုက် ပြုပြင်နေခြင်းသည် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တတ်သိနားလည်သော ပညာရှင်များကို မတိုင်ပင်ဘဲ ထင်ရာစိုင်းနေကြခြင်းဟု ဆိုရပေမည်။ အဆိုပါ အဆောက်အဦကို ယခင်က စစ်တွေတက္ကသိုလ်အဖြစ် အသုံးပြုခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် စစ်တွေတက္ကသိုလ်မှ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးသို့ လွှဲပြောင်းပေးခဲ့သဖြင့် အ.ထ.က (၁) စစ်တွေ စာသင်ဆောင်အဖြစ် အသုံးပြုနိုင်ရန် ပြည်နယ် ပညာရေးရန်ပုံငွေထဲမှ တင်ဒါပိုလျှံသောငွေ အပါအဝင် ခေါင်းစဉ် ၇ ခုဖြင့် ဌာနအတွင်းရှိသည့် ငွေများကို ခေါင်းစဉ်လွှဲပြောင်း သုံးစွဲခွင့်ပြုရန် အခြေခံပညာဦးစီးဌာနကို တင်ပြပြီး ဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း ကြားသိရသည်။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလက  ရခိုင်ပြည်နယ်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတခုကို တင်ဒါပေးခဲ့ရာ ကျပ်သိန်းနှစ်ထောင်ကျော် အကုန်အကျခံခဲ့ပြီး အပေါ်ယံ ဆေးဆိုးပန်းရိုက်ပြုပြင်ခြင်း ပြီးစီးသွားသဖြင့် ၂ဝ၁၇ ခုနှစ် အောက်တိုဘာလတွင် ထိုအဆောက်အဦအား ပြည်နယ်ပညာရေးမှူးရုံးသို့ အပ်နှံခဲ့ခြင်း ပြီးစီးမှ အန္တရာယ်ရှိသော အဆောက်အဦဆိုပြီး ဖြစ်လာရခြင်းပါ။ စာရေးသူ၏ ညီမတို့ တက္ကသိုလ်ကျောင်းသူဘဝ လွန်ခဲ့သော နှစ် (၂ဝ) ကျော်က စစ်တွေတက္ကသိုလ် စာသင်ဆောင်တခု ပြိုပျက်မှု ဖြစ်ပွားခဲ့သည့်အတွက် ကျောင်းသူ၊    ကျောင်းသားများ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်ကို ကြားသိလိုက်ဖူးသည်။ ထိုအချိန်ကာလသည် စစ်အစိုးရခေတ်လက်ထက် ဖြစ်နေသလို စစ်တွေတက္ကသိုလ်သည်လည်း ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးပညာပေးနိုင်သော တခုတည်းသောနေရာ ဖြစ်နေသဖြင့် အန္တရာယ်ရှိသော အဆောက်အဦဟူ၍ မည်သူမျှ ပြောဆိုနိုင်စွမ်း မရှိခဲ့ကြပါ။ စစ်အစိုးရလက်ထက်က မြန်မာတပြည်လုံး အတိုင်းအတာနှင့်အညီ တက္ကသိုလ်ဆိုလျှင် မြို့အပြင်မှာ ရှိနေရမည် မူဝါဒအတိုင်း စစ်တွေတက္ကသိုလ် ကျောင်းဆောင်သစ်ကို စစ်တွေမြို့အစွန် ဘုမေကျေးရွာတွင် တည်ဆောက်ဖွင့်လှစ်ထားပြီး ဖြစ်သောကြောင့် ၂ဝ၁၆ ခုနှစ်တွင် စစ်တွေတက္ကသိုလ်အဟောင်းကို အခြေခံပညာဦးစီးဌာန၊    ရခိုင်ပြည်နယ် ပညာရေးမှူးရုံးသို့ လွှဲပြောင်းပေးထားပြီး ဖြစ်သည်။ ဤအဆောက်အဦကြီးအား မူရင်းပိုင်ရှင် အ.ထ.က (၁) စစ်တွေသို့ ပြန်လည်လွှဲပြောင်းပေးဖို့ (Government High School) အ.ထ.က (၁) စစ်တွေ ‘ကျောင်းသားဟောင်းကြီးများနှင့် ယခင် မြို့မိမြို့ဖအဖွဲ့’ တို့က တောင်းဆိုခဲ့ကြသလို ဒေသကောလိပ်၊    ဒီဂရီကောလိပ်နှင့် စစ်တွေတက္ကသိုလ်အဖြစ် အသုံးပြုခဲ့သော အဆောက်အဦကို တက္ကသိုလ်ကျောင်းသားဟောင်းများကလည်း အ.ထ.က (၁) စစ်တွေအဖြစ် အသုံးမပြုဖြစ်ခဲ့လျှင် အခြားနည်း(ရုံး) အဖြစ် အသုံးမပြုသင့်ဘဲ တက္ကသိုလ်နှင့် သက်ဆိုင်သည့် ပရိဝုဏ်တခုအဖြစ် ထားရှိစေချင်ကြသလို သမိုင်းဝင်အဆောက်အဦ အဖြစ်သာ အသုံးပြုဖို့ လိုလားနေကြပါသည်။ စစ်တွေမြို့၌ ကိုလိုနီခေတ်ကတည်းက High School လို့ ခေါ်ကြသည့် ‘အ.ထ.က (၁) စစ်တွေ’ နောက်ပိုင်းနှစ်များတွင် ဒေသကောလိပ်၊ စစ်တွေဒီဂရီကောလိပ်၊    စစ်တွေတက္ကသိုလ်ဆိုပြီး အဆင့်ဆင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပြီး ယခုအခါ စာသင်ဆောင်အဖြစ် အသုံးပြုရန် အန္တရာယ်ရှိသည်ဟု ပြောနေကြသည့် အဆောက်အဦမှ ရခိုင်တိုင်းရင်းသား ပညာတတ်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ကိုလိုနီခေတ်ဦးကတည်းက ICS ပဋိညာဉ်ခံ နိုင်ငံတော်ဝန်ထမ်းစာမေးပွဲများ၌ အင်္ဂလိပ်များနည်းတူ ထူးချွန်စွာ အောင်မြင်သူများကိုလည်း များစွာ မွေးထုတ်ပေးနိုင်ခဲ့သော ကျောင်းတော်ကြီးပါ။ ဒေသကောလိပ်၊ စစ်တွေဒီဂရီ၊ စစ်တွေတက္ကသိုလ်အဖြစ် ရှိနေစဉ်တုန်းကလည်း ဆရာဝန်၊ အင်ဂျင်နီယာ စသော အရာရှိများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည့် ကိုလိုနီအမွေလက်ကျန် ရှေးဟောင်းသမိုင်းဝင်  စာသင်ကျောင်းတကျောင်း ဆိုလျှင်လည်း မမှား။ ‘အ.ထ.က (၁) စစ်တွေ’ အချိန်အခါတွင်လည်း အရာရှိကြီး၊ သူဌေးသူကြွယ်များ၊ ဝန်ထမ်းကုန်သည်၊ ဆင်းရဲချမ်းသာ လူတန်းစားအမျိုးမျိုး စရိုက်အထွေထွေ ဖြစ်လာကြမည့် လူငယ်များကို ဆုံးမသွန်သင် ပညာသင်ကြားပေးခဲ့သော ကျောင်းတော်ကြီးကို သိန်းနှစ်ထောင်ကျော် အကုန်အကျခံ ပြင်ဆင်ပြီးမှ ယခုအချိန်တွင် အန္တရာယ်ရှိသော အဆောက်အဦအဖြစ် တံဆိပ်ကပ်ခံလိုက်ရပါပြီ။ စာရေးသူတို့ တက္ကသိုလ်ကျောင်းသားဘဝ စစ်တွေတက္ကသိုလ်သည် တခါတုန်းက ရင်ထဲကတက္ကသိုလ် ဖြစ်ခဲ့ဖူးသည်။ ရခိုင်ပြည်နယ်တွင် တခုတည်းရှိသော တက္ကသိုလ် ဖြစ်သည့်အလျောက် ရခိုင်ပြည်နယ် တနံတလျားမှ ကျောင်းသူ၊ ကျောင်းသားများနှင့် သူငယ်ချင်းဖြစ်ခွင့်ရခဲ့သည်။ ထိုတက္ကသိုလ်တွင် ပျော်ရွှင်ဖွယ်၊ လွမ်းမောဖွယ်၊    ဝမ်းနည်းဖွယ်များလည်း ရှိခဲ့ဖူးသည်။ ထိုသို့ အမှတ်တရများစွာထဲ အမျိုးသမီး အဆောင်များ ဖြစ်ကြသည့် ‘ပိုးဝါဆောင်၊ စောပြည့်ညိုဆောင်’ မှ ပိုးပန်းခဲ့သော ကျောင်းသူများစွာ ပါဝင်ခဲ့သလို နှစ်ကိုယ်တူထိုင်ပြီး ကြည်နူးနေခဲ့ဖူးသော တက္ကသိုလ်ကျောင်းဝင်းထဲမှ ညောင်ညိုပင်ကြီးလည်း အပါအဝင် ဖြစ်သည်။ ဒေသကောလိပ်၊ ဒီဂရီကောလိပ်နှင့် စစ်တွေတက္ကသိုလ် ဖြစ်ခဲ့ဖူးသော အဆောက်အဦကို အန္တရာယ်ရှိသည့် အဆောက်အဦဟု ပညာရေးဌာန တာဝန်ရှိသူများက ပြောဆိုနေကြသော်လည်း ယင်းနေရာတွင် တက္ကသိုလ်ကျောင်းသား၊    ကျောင်းသူဟောင်းများ၏ စာသင်နှစ်အလိုက် အာစရိယ မြတ်ဆရာပူဇော်ပွဲများ စည်ကားသိုက်မြိုက်စွာ နှစ်စဉ် ကျင်းပနေကြဆဲ ဖြစ်သည်။ အချုပ်အားဖြင့် ပြောရမည်ဆိုပါလျှင် နှစ်ပေါင်း ၁၃၄ နှစ် ကြာနေပြီဖြစ်သော အဆောက်အဦတခုကို ပြန်လည်ပြုပြင်မွမ်းမံသော်လည်း ထိုအဆောက်အဦ၏ ဆောက်ခါစ မူလအခြေအနေ ကြံ့ခိုင်မှုမျိုးကို ဘယ်လိုမှ ပြန်မရနိုင်သည်ကတော့ ဓမ္မတာ အမှန်တရား တခုပါ။ သို့ဖြစ်၍ ပြန်လည်ပြုပြင်ခဲ့သော တင်ဒါအောင်သည့် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးမြင့်ဌေး ပြောထားသည်မှာ သူတို့ ပြန်လည်ပြုပြင်ထားသော အခြေအနေသည် သူ့ဝန်နှင့်သူ့အား တန်ရုံ အသုံးပြုမည်ဆိုပါက နောက်ထပ် နှစ်ပေါင်း ၅ဝ အချိန်အတိုင်းအတာအထိ အသုံးပြုလို့ရနိုင်ကြောင်း သူ၏ Facebook Wall ပေါ်မှာ တင်ထားသည်ကို ဖတ်လိုက်ရပါသေးသည်။ နောက်တခုက စာသင်ဆောင်အဖြစ် အသုံးပြုလို့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ စစ်တွေတက္ကသိုလ်အဖြစ် အသုံးပြုခဲ့သော ကျနော့်ရင်ထဲက တက္ကသိုလ်သည် ရှေးဟောင်းအမွေအနှစ် အဆောက်အဦ ဖြစ်နေသောကြောင့် သမိုင်းပေးတာဝန်အနေနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေနှင့် အကြီးစား တည်ဆောက်ပြုပြင်ရေးလုပ်ငန်းကို ဆက်လက်၍ ထိန်းသိမ်းလုပ်ဆောင်သင့်ပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။ အောင်ကြည်မိုး(စစ်တွေ)
3 years Ago

July 9, 2018

ရခိုင်ရိုးရာလှေပြိုင်ပွဲများ ပျောက်ကွယ်ရခြင်း အကြောင်း

ကျနော်တို့ ရခိုင်ပြည်နယ်တွင် မြစ်ချောင်းများ ပေါများ၍ ရိုးရာလှေပြိုင်ပွဲများကို ကိုယ့်ရွာနဲ့ ကိုယ်ဇာတ် ဆိုသလို ဘုရားပွဲများ၌ မပါမဖြစ် ရိုးရာအစဉ်အလာမပျက် ကျင်းပခဲ့ကြသည်။ ‘တော်သလင်းလ လှေပြိုင်ပွဲ’ ဆိုထားသည့်အတိုင်း မြန်မာနိုင်ငံ၏ အခြားဒေသများ၌ တော်သလင်းလတွင် လှေပြိုင်ပွဲများကို ကျင်းပကြသော်လည်း ကျနော်တို့ ရခိုင်လူမျိုးများတွင် ရိုးရာလှေပြိုင်ပွဲများကို မြန်မာနှစ်သစ်ကူးသည့် တန်ခူးလတွင်သာ ကျင်းပကြသည်။ ရခိုင်ပြည်နယ်တွင် အထင်ကရ ဘုရားပွဲများ ဖြစ်ကြသည့် ကျောက်တော်မြို့ တောင်ပွဲနှင့် မြောက်ဦးမြို့ ရှစ်သောင်းထုက္ကသိမ် အံတော်ဘုရားပွဲများကို တန်ခူးလတွင် ကျင်းပကြပြီး ရိုးရာလှေပြိုင်ပွဲများလည်း အလွန်စည်ကားသည်။ ရှေးရခိုင်ဘုရင်များလက်ထက် လှေတပ်မတော်အတွက် သူရဲကောင်းများကို ရခိုင်ရိုးရာ လှေပြိုင်ပွဲများက ရွေးချယ်ကြသည်ဟု သမိုင်းမှတ်တမ်း စာအုပ်များတွင် ဖတ်ဖူးခဲ့ရပါသည်။ စာရေးသူ ငယ်ငယ်တုန်းက မွေးရပ်မြေရွာ ဘုရားပွဲသည် အလွန်စည်ကားခဲ့ပြီး ရွာ၏ ချောင်းထဲ၌ လှေပြိုင်ပွဲ ကျင်းပခဲ့သည်ကို အခုထိ မျက်စိထိ မြင်ယောင်နေမိပါသည်။ အခုချိန် ရွာ၏အနီး ပတ်ဝန်းကျင်ရွာများ၌ အရွယ်ကောင်းသော ယောက်ျားများ ထိုင်း၊ မလေးရှား၊    ဖားကန့်နှင့် တရုတ်နယ်စပ်ဒေသများသို့ အလုပ်လုပ်ဖို့ ရွာမှထွက်ခွာသွားကြ၍ လှေပြိုင်ပွဲ၌ လှေလှော်သားများ မရှိကြတော့သဖြင့် မကျင်းပဖြစ်သလို ရွာသားများ စီးပွားရေး ကျပ်တည်းမှုကြောင့်လည်း ဆိုရပါလိမ့်မည်။ လွန်ခဲ့သော ဆယ်စုနှစ်များက ရိုးရာလှေပြိုင်ဖို့ လာကြသည့် အခြားရွာမှ လှေလှော်သားများကို ဘုရားပွဲကျင်းပသော ကျနော်တို့ရွာမှ တအိမ်တွင် နှစ်ယောက်၊ သုံးယောက် ထမင်းကျွေးမွေးနိုင်ခဲ့ကြပေမယ့် ယခုအချိန်တွင် ရွာသားများ စီးပွားရေး ကျပ်တည်းကြ၍ နှစ်စဉ်ကျင်းပသော ရွာဘုရားပွဲ၌ လှေပြိုင်ပွဲကို ယခုအချိန်တွင် ထည့်သွင်းမကျင်းပတော့ပါ။ နောက်တခုက ရွာ၏ပတ်ဝန်းကျင်တွင်ရှိသည့် လှေပြိုင်ပွဲဝင်ခဲ့ကြသော လှေများသည် ဆွေးမြည့်ပျက်စီးသွားကြပြီး လှေအသစ်ပြုလုပ်ရန် သစ်ရှားပါးမှုကြောင့် ရွာဘုံပိုင်လှေ မရှိကြတော့၍ လှေပြိုင်ပွဲများကို သွားမပြိုင်ကြတော့ပါ။ စစ်အစိုးရလက်ထက်တွင် ခရိုနီများသည် ရခိုင်ပြည်နယ်ရှိ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး သစ်တောများ ပြုန်းတီးအောင်အထိ သစ်ထုတ်လုပ်ရောင်းချခဲ့ကြသဖြင့် လှေအသစ်ပြုလုပ်ရန် သစ်ရှားပါးသွားရခြင်း ဖြစ်သည်။ ရွာအနီးအနားရှိ တောတောင်များကို တပ်ပိုင်ဧရိယာအဖြစ် သိမ်းဆည်းသောအခါ ရိုးရာပြိုင်လှေများ ပြုလုပ်ရန် သစ်ပင်အကြီးများစွာ ခုတ်လဲခြင်း ခံရလိုက်သည်။ ရခိုင်ပြည်နယ်ရှိ ကျေးရွာများ၌ ရိုးရာလှေပြိုင်ပွဲဝင်ရန် အားကောင်းမောင်းသန် အရွယ်ရောက်သော ယောက်ျားများ တိုင်းတပါးသို့ ရောက်ရှိနေကြခြင်းကြောင့် ရခိုင်ပြည်နယ်တွင် ရိုးရာလှေပြိုင်ပွဲများ ပျောက်ကွယ်လာကြခြင်းဟု ဆိုရပါမည်။ တခေတ်တခါက ရခိုင်ပြည်နယ်ရှိ ကျေးလက်ဒေသများတွင် ရိုးရာလှေပြိုင်ပွဲများဖြင့် အလွန်စည်ကားခဲ့ပါသည်။ အထူးသဖြင့် ဆိုရှယ်လစ်ခေတ်၌ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီအဖွဲ့မှ စစ်တွေမြို့ ဆိတ်ရိုးကျချောင်းတွင် ကျင်းပခဲ့သော ‘ကျွန်းပွဲ’ ဟုခေါ်သည့် ရခိုင်ရိုးရာလှေပြိုင်ပွဲကြီး ကျင်းပချိန် ဘေးဝဲယာ ကမ်းနဖူးတလျှောက် ကြက်ပျံမကျ စည်ကားခဲ့ပြီး လှေပြိုင်ပွဲဝင်သူများသည်လည်း စစ်တွေမြို့ ကျွန်းပွဲမှရသော ဆုတံဆိပ် ‘အောင်လံ’ ကို အလွန်တန်ဖိုးထားကြပါသည်။ စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာဒေသများမှ လှေပြိုင်ဖို့ လာသူများကို စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များမှ နေ့ည အလှည့်ကျ တာဝန်ယူ ထမင်းကျွေးမွေးကြရပါသည်။ စစ်တွေမြို့ ဆိတ်ရိုးကျချောင်း၌ ကျင်းပခဲ့သော ကျွန်းပွဲဟုခေါ်သည့် လှေပြိုင်ပွဲတွင် ၁၆ လံ လှေများ အလှပြ ပြိုင်ကြဖူးပါသည်။ ယခုခေတ်ကာလ လှေပြိုင်ပွဲများတွင် ၈ လံ၊ ၆ လံ၊ ၅ လံ ၂ တောင် အလျားအရှည်ရှိသော ပြိုင်လှေများသာ မြင်တွေ့နေပါတော့သည်။ လှေလုပ်ရန် သစ်ပင်ကြီးများ ရှားပါးလာခြင်းကြောင့် ကျေးရွာများတွင် ၁၆ လံ ပြိုင်လှေများ မရှိတော့ပါ။ လှေပြိုင်ပွဲများ၌ သံချပ်ဆရာများ သံချပ်ထိုးကြခြင်းသည် မဆလခေတ်တွင် ရခိုင်ပြည်နယ်၏ လက်ရှိ ဖြစ်ပျက်နေကြသော ပစ္စက္ခအခြေအနေများကို ဌာနဆိုင်ရာမှ လူကြီးများသိအောင် ပြောပြနေခြင်းတမျိုး ဆိုလျှင်လည်း မမှားပါ။ ရိုးရာလှေပြိုင်ပွဲများတွင် လှေပြိုင်ပွဲမကျင်းပမီ တရက်အလို ရခိုင်စကားနှင့်ပြောရလျှင် ညရောက်နေ့တွင် လှေပြိုင်ပွဲလာကြသော ကျေးရွာအသီးသီးက မိမိတို့ရွာ ကိုယ်စားပြု ယှဉ်ပြိုင်မည့်လှေများအား အလှပြသကြသည်ကို ‘လှေစိုင်နေ့’ ဟု ခေါ်ကြပြီး ‘လှေဦးစီး’ က လှေဦးပိုင်းမှာရပ်ပြီး ကပြကြပါသည်။ ပြိုင်ပွဲဝင်မည့်လှေတွင် လှေဦးစီးလှော်မည့် လူသည် တဖက်လှေ၏ လှေသွားနှုန်း၊ ဒီရေစီးကြောင်း အခြေအနေနှင့် မိမိတို့လှေမှ လှေလှော်သားများ၏ သက်လုံအနေအထားကိုကြည့်ပြီး ဦးဆောင်လှော်ပြရသူဖြစ်၍ အလွန်အရေးကြီးသူတယောက် ဖြစ်၏။ လှေပြိုင်ပွဲ ယှဉ်ပြိုင်ရန် လာကြသော ကျေးရွာများတွင် ပြိုင်ပွဲဝင်မည့်လှေအပြင် သံချပ်ထိုးရန်နှင့် လှေစိုင်နေ့မှာ အလှပြဖို့အတွက် ဆိုင်းဝိုင်းတင်ရန် လှေအပိုတစီး ယူလာကြရပါသည်။ လှေစိုင်နေ့ အလှပြကြချိန်တွင် ကုန်းဘောင်စီး လှေလှော်သားများသည် မျက်နှာနှင့် ခန္ဓာကိုယ်များတွင် အိုးမည်းနှင့် ထုံးများသုတ်ကာ ရယ်စရာပုံစံအမျိုးမျိုး ပြုလုပ်ထားကြပြီး ကမ်းနဖူးပေါ်မှ အားပေးနေကြသော ပရိသတ်များကို ကပြကြပါသည်။ ရိုးရာလှေပြိုင်ပွဲ ကျင်းပသည့်နေ့များတွင် ကမ်းနဖူးပေါ်မှ အားပေးနေကြသော ပရိသတ်များသည် မိမိတို့ရွာ၊ မိမိတို့ တိုက်နယ်ဘက်မှ လှေများ အနိုင်ရရှိလျှင် အပျော်လွန်ပြီး ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းသူများ ရှိသလို အမျိုးသမီးများ ဆိုလျှင်လည်း မိမိတို့ ဦးခေါင်းထက်တွင် ဆောင်းထားသော ခမောက်(မက္ကလာ) များကို ရေထဲသို့ ပစ်ချလိုက်ကြသည်ကို မြင်တွေ့ကြရသောကြောင့် ငယ်စဉ်က လှေပြိုင်ပွဲများ ကြည့်ရသည်မှာ အလွန်ပျော်ဖို့ကောင်းလှပါသည်။ လှေပြိုင်ပွဲ၌ သံချပ်ထိုးသူများကို ချီးကျူးစရာကောင်းသည့် တခုက လှေပြိုင်ပွဲတွင် တွေ့မြင်သမျှကို ရယ်စရာဖြစ်အောင် လက်တန်း နှုတ်တန်းမဆွ စပ်ဆိုနိုင်ကြခြင်းပင်ဖြစ်ပြီး ငယ်ငယ်တုန်းက သံချပ်ဆရာများ သံချပ်ထိုးခဲ့ကြသည့် ‘သံချပ်မျိုး ထိုးမကုန် ဆလီခြုံမှာတင်ပခယင့်’ ဆိုသည့် သံချပ်စာသားကို အခုထိ နားထဲကြားယောင်နေပါသေးသည်။ ယနေ့အချိန် ရခိုင်ပြည်နယ်တွင် ရိုးရာလှေပြိုင်ပွဲများသည် တဖြည်းဖြည်း ပျောက်ကွယ်လာနေပြီး နာမည်ကြီးသော၊ လူသိများသော ဘုရားပွဲများတွင်သာ တွေ့မြင်နေရပါတော့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆိုပါလျှင် ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်ဘုရားပွဲ၊ ကျောက်တော်တောင်ဘုရားပွဲနှင့် မြောက်ဦးမြို့ ရှစ်သောင်းထုက္ကသိမ် အံတော်ဘုရားပွဲများတွင်သာ တွေ့မြင်နေရပါတော့သည်။ တချို့ဘုရားပွဲများတွင် ဂေါပကအဖွဲ့များက လှေပြိုင်ပွဲများကို ကျင်းပပေးနေကြသော်လည်း လှေပြိုင်ပွဲကို ကြည့်ရှုမည့်သူ မရှိကြဘဲ ဘုရားပွဲကျချိန် ချောင်းထဲ၊ မြစ်ထဲမှာ ပြုလုပ်နေကြသည့် လှေပေါ် ဆောင်းဘောက်(စ်)တင် အရက်သောက်ကာ မူးပြီး ရေပေါ်သင်္ကြန် ပျော်နေကြသည်ကိုသာ ကြည့်နေကြသည်။ ဘုရားပွဲပြုလုပ်ချိန် ချောင်းထဲ၊    မြစ်ထဲများတွင် ရေပေါ်သင်္ကြန် ပြုလုပ်အားကြီးလာခြင်းသည်လည်း ရခိုင်ပြည်နယ်တွင် ရိုးရာလှေပြိုင်ပွဲများ မှေးမှိန်လာရခြင်း အကြောင်းရင်းတခု၌ ပါဝင်နေပါသည်။ ရခိုင်ပြည်နယ်တွင် လှေပြိုင်ပွဲဆိုရာဝယ် ရေထဲတွင်ပြိုင်သော လှေပြိုင်ပွဲနှင့် ကုန်းပေါ်တွင်ပြိုင်သော ကုန်းလှေပြိုင်ပွဲဟူ၍ ရှိသည်။ ကုန်းလှေပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် မည်သည့်အရပ်ဒေသတွင်မှ ပြုလုပ် ကျင်းပနေခြင်း မရှိဘဲ ကျနော်တို့ ရခိုင်ပြည်နယ် တခုတည်းတွင်သာ ပြိုင်ပွဲပြုလုပ် ကျင်းပကြသည်။ ကုန်းလှေကို သစ်သားဖြင့် ပြုလုပ်သည် မဟုတ်ဘဲ ဝါးဖြင့်ပြုလုပ်ကြသည်။ လှေလှော်သားများ လှေလှော်ကြမည့် ပုံစံအနေအထားသည် ရေထဲ၌ လှေလှော်ကြမည့် ပုံစံအနေအထားအတိုင်းပင်ဖြစ်ပြီး လှေလှော်စည်းကမ်းချက်သည်လည်း အတူတူပါ။ ကုန်းလှေတွင် လှေလှော်သား ၁၅ ယောက်ကနေ ၁၇ ယောက်အထိ ပါဝင်ကြပြီး ပြိုင်ပွဲဝင်မည့်သူများသည် ပြိုင်ပွဲဝင်မည့် ကုန်းလှေအား မာသောကြိုးများဖြင့်ချည်ပြီး ပခုံးထက်ပေါ် တင်ထားရပါသည်။ ကုန်းလှေပြိုင်ပွဲကို ကြည့်ရသည်မှာ အလွန်ပျော်ဖို့လည်းကောင်းပြီး ရယ်ဖို့လည်း ကောင်းသည်။ လှေလှော်သားအချင်ချင်း အတိုင်အဖောက်ညီညီ ပြေးတတ်ဖို့လိုအပ်ပြီး မဟုတ်ပါက ဟန်ချက်မညီလျှင် ကုန်းလှေတစီးလုံး ပန်းတိုင်မရောက်ခင် ပြိုလဲကျသွားကြသည်ကို ကြည့်ပြီး ရယ်ကြရခြင်း ဖြစ်သည်။ ကုန်းလှေပြိုင်ပွဲသည်လည်း ရခိုင်ပြည်နယ်တွင် လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။ ယနေ့ခေတ် ဆယ်ကျော်သက်လူငယ်များ မြင်ဖူးကြမည် မဟုတ်ပါပေ။ ရှစ်လေးလုံး အရေးအခင်းအပြီး စာရေးသူတို့ အထက်တန်းကျောင်းသားဘဝတွင် ကုန်းလှေပြိုင်ပွဲများကို နောက်ဆုံး မြင်တွေ့လိုက်သည်ဟု ဆိုရမည်သာ။ ကုန်းလှေပြိုင်ပွဲကို ရိုးရာလှေပြိုင်ပွဲများကဲ့သို့ ဘုရားပွဲများတွင် ထည့်သွင်းကျင်းပခြင်း မဟုတ်ဘဲ ရခိုင်ပြည်နယ်နေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ အစရှိသော အထိမ်းအမှတ်နေ့များတွင် အားကစားကွင်း၊ ဘောလုံးကွင်းများတွင်သာ ကျင်းပကြခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရခိုင့်လူမှုအဖွဲ့အစည်းများက ရခိုင့်ရိုးရာ ကုန်းလှေပြိုင်ပွဲများကို ပြန်လည်ကျင်းပနိုင်အောင် ဖော်ထုတ်ကြစေချင်ပါသည်။ ဘုရားပွဲများ၌ ကျင်းပသော ရိုးရာလှေပြိုင်ပွဲများတွင် လှေလှော်သားအချင်းချင်း ပန်းဝင်သည့်ကိစ္စနှင့် ပတ်သက်၍ စကားများကြသည်မှာ ဖြစ်ရိုးဖြစ်စဉ်တခု ဖြစ်ပါသော်လည်း ယခုနှစ် ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်ဘုရားပွဲ နောက်ဆုံးနေ့ အလံလုပွဲတွင် ကျောက်ဆိပ်ရွာနှင့် သာစည်ရွာက လှေပြိုင်ပွဲဝင် လှေလှော်သားများ ရန်ဖြစ်ကြပြီး အနာတရဖြစ် ဆေးရုံရောက်ကြရ၍ ဘုရားပွဲတွင် ကပြနေသော ဇာတ်အဖွဲ့ အပါအဝင် ပျော်ပွဲရွှင်ပွဲများကို သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်အဖွဲ့အစည်းက ဖျက်သိမ်းလိုက်သည်ကို ကြားလိုက်ရပါသေးသည်။ နောက်နှစ်များတွင် ဘုရားဂေါပကအဖွဲ့နှင့် မြို့နယ်အာဏာပိုင် အဖွဲ့အစည်းများက လှေပြိုင်ပွဲချဖို့ တာဝန်မယူနိုင်ကြတော့ဘူး ဆိုပါလျှင် ရခိုင့်ရိုးရာပွဲတခုသည် ဘုရားပွဲများတွင်လည်း ပျောက်ကွယ်လာနိုင်ပါသည်။ နောက်နောင် ဘုရားပွဲများ၌ ဤသို့မဖြစ်ကြရန် အမျိုးသားရေး အသိအမြင်ဖြင့် မြင်တတ်ကြဖို့ လိုအပ်ပါမည်။ ရခိုင်ပြည်နယ်တွင် ရခိုင်ပြည်သူတို့ လူမှုစီးပွားဘဝ အဆင်မပြေ ဖြစ်နေကြသရွေ့ မိသားစုဝမ်းရေးအတွက် အရွယ်ရောက်သော ယောက်ျားများ အဖရခိုင်ပြည်ကို စွန့်ခွာ၍ ရေကြည်မြက်နုရာ တပြည်တရွာသို့ ထွက်ခွာသွားနေကြမည် ဖြစ်သည်။ လှေပြိုင်ပွဲများ၌ ၈ လံ ၂ တောင် အရှည်ရှိသော လှေကိုလှော်ဖို့ တချို့ရွာများတွင် အားကောင်းမောင်းသန် ယောက်ျား သုံးလေးဆယ် ရှိဖို့နေသာသာ ရွာမှာ လယ်ထွန်၊ ပျိုးစိုက်ဖို့ ယောက်ျားသားများ မရှိကြ၍ အမျိုးသမီးများက စပါးကြဲ ပျိုးစိုက်နေကြရပါသည်။ အချုပ်အားဖြင့် ရခိုင်ပြည်နယ်၌ ရခိုင်ရိုးရာလှေပြိုင်ပွဲများ ပျောက်ကွယ်လာရခြင်း အဓိက အကြောင်းရင်းများ ဖြစ်ကြသည့် စစ်အစိုးရလက်ထက်တွင် တပ်သစ်ချဖို့အလို့ငှာ ရွာသားများပိုင် တောတောင်များကို တပ်ပိုင်ဧရိယာအဖြစ် သိမ်းဆည်းခံလိုက်ရသောကြောင့် ရွာများ၌ လှေပြိုင်ပွဲဝင်ဖို့ လှေလုပ်ရန် သစ်ရှားပါးနေခြင်း၊ ကျေးရွာများ၌ နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေကျ ဗုဒ္ဓပူဇနိယ ဘုရားပွဲများတွင် လှေပြိုင်ပွဲကို ထည့်သွင်းကျင်းပလိုပါသော်လည်း အခြားရွာများမှ လှေလှော်သားများကို ထမင်းကျွေးမွေးရန် ရွာခံသားများ စီးပွားရေး ကျပ်တည်းလာကြခြင်းနှင့် လှေပြိုင်ပွဲဝင်ပြိုင်ရန် ကျေးလက်ဒေသများတွင် အားကောင်းမောင်းသန် ယောက်ျားများ မရှိကြခြင်းသည်လည်း ရခိုင်ပြည်နယ်၌ ရိုးရာလှေလှော်ပြိုင်ပွဲများ ပျောက်ကွယ်လာရခြင်း အဓိကအကြောင်းရင်းများဟု ဆိုကြရမည်သာ ဖြစ်သည်။ အောင်ကြည်မိုး(စစ်တွေ)
3 years Ago
Up