မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ ထိုင်းလိဂ်ရဲ့ရာသီဝက် အပြောင်းအရွှေ့ ကာလမှာ လက်ရှိမြောင်ထောင်ယူနိုက်တက် အသင်းကနေ တရက် (Trat) အသင်းကို ပြောင်းရွှေ့နိုင်ဖွယ်ရှိနေတယ်လို့ မေ ၂၄ ရက်နေ့ Foxsportasia သတင်းမှာ ဖော်ပြပါတယ်။
အသက် ၂၂ နှစ်အရွယ် အောင်သူဟာ ပြီးခဲ့တဲ့နှစ်ဟာ ထိုင်းကလပ် Police Tero အသင်းမှာ အငှားသွားရောက်ကစားကာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ်အစပိုင်း ထိုင်းလိဂ်ရဲ့ အင်အားကြီးအသင်းတသင်းဖြစ်တဲ့ မြောင်ထောင်ယူနိုက်တက်အသင်းက ခေါ်ယူခဲ့ပါတယ်။
ဒါပေမယ့် အသင်းသစ်မှာတော့ အောင်သူဟာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသလို အသင်းဟာလည်း ကစားခဲ့တဲ့ ၁၀ ပွဲမှာ နှစ်ပွဲသာအနိုင်ရထားပြီး အမှတ်ဇယား ရဲ့အောက်ကိုရောက်ရှိနေပါတယ်။
ဒါ့ကြောင့် အောင်သူအနေနဲ့ မကြာခင်စတင်တော့မယ့် အပြောင်းအရွှေ့ကာ လမှာ အသင်းပြောင်းဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာတာဖြစ်ပြီး ဒီနှစ်မှ တန်းတက်လာတဲ့ တရက်အသင်းကို ပြောင်းရွေှ့နိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
အောင်သူဟာ လက်ရှိအချိန်မှာ မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းနဲ့ စာချုပ်ကျန်ရှိနေသေးတဲ့ ကစားသမားဖြစ်ပြီး အသင်း ပြောင်းဖြစ်ခဲ့ရင် တရက်အသင်းကို ရောက်ရှိဖို့ ရာခိုင်နှုန်းများတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
တရက်အသင်းဟာ ဒီရာသီအစ လေးပွဲမှာ နှစ်မှတ်သာရရှိခဲ့ပေမယ့် ၁၁ ပွဲကစားပြီး ချိန်မှာတော့ ၁၆ သင်းပါ ထိုင်းလိဂ်ရဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။
အောင်သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မြောင်ထောင်ယူနိုက်တက်ဘက်ကတော့“ အအသင်းကစားသမားတွေနဲ့ ပတ်သက်တဲ့ ကောလဟာလ၊ ခန့်မှန်းချက်တွေအပေါ် မှတ်ချက်ပေးလိုခြင်းမရှိဘူးလို့ ဆိုပါတယ်။
တရက် အသင်းဟာ လက်ရှိအချိန်မှာ နိုင်ငံခြားသား ကစားသမားလေးဦးကို ခေါ်ယူထားပြီး အာဆီယံကစားသမား သုံးဦးကို ခေါ်ယူခွင့်ရှိသေးတာကြောင့် ကြယ်ပွင့်ကစားသမား အောင်သူကို ခေါ်ယူနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။
4 years Ago