အောင်ရဲထွေး

November 3, 2018

အောင်ရဲထွေးမိသားစုကို ကျပ်သိန်း ၁၅၀၀ ပေးခဲ့ဟု တရားလို ထွက်ဆို

ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့တဲ့အမှုမှာ ကျူးလွန်သူတွေက အောင်ရဲထွေး မိသားစုကို ငွေကျပ်သိန်း ၁၅၀၀ ပေးခဲ့ရတယ်လို့ တရားလိုဖြစ်သူ ဦးမိုးနိုင်က နိုဝင်ဘာ ၂ ရက်နေ့ ရုံးချိန်း တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။ သန်းထွဋ်အောင်ရဲ့ ဖခင်က အောင်ရဲထွေးရဲ့ အဖေကို ကျပ်သိန်း ၁၃၀၀၊ အစ်ကိုဖြစ်သူကို ကျပ်သိန်း ၁၀၀ နဲ့ ဦးလေး တော်စပ်သူကို ကျပ်သိန်း ၁၀၀ စုစုပေါင်း ကျပ်သိန်း ၁၅၀၀ တိတိပေးခဲ့တယ်လို့ တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဦးမိုးနိုင်ကို ရုံးချိန်းမှာ စစ်မေးချိန်မှာ ပြောခဲ့တာပါ။ အဂတိလိုက်စားမှု ဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ ရန်ကုန်တိုင်းဒေသကြီး တိုင်းဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူးအပါ တရားသူကြီး ၅ ဦးကို ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်မှာ ရုံးထုတ်ခဲ့ပါတယ်။ ရုံးချိန်းမှာ တရားလိုပြုလုပ်တိုင်ကြားတဲ့ အဂတိတိုက်ဖျက်ရေးအဖွဲ့ဝင် ဦးမိုးနိုင်ကို စစ်ဆေးမေးမြန်းခဲ့ပြီး တရားလိုရဲ့ထွက်ဆိုချက်တွေကို တရားစွဲဆိုခံထားသူ တရားသူကြီး ၅ ဦးက ကန့်ကွက်ခဲ့ပါတယ်။ နောက်လာမယ့်ရုံးချိန်းမှာတော့ ကန့်ကွက်ခဲ့တဲ့အကြောင်းကို တရားသူကြီးက သက်သေအဖြစ် လက်ခံသင့် မသင့် အမိန့်ချသွားမှာပါ။
2 years Ago

October 31, 2018

အောင်ရဲ​ထွေး​အမှု ဖြစ်ပွားခဲ့နေရာ၌ ကျော်ဇောဟန်​ကို​ တွေ့ရှိခဲ့ခြင်းမရှိဟု လိုပြသက်သေထွက်ဆို

သရုပ်ဆောင် အောင်ရဲ​ထွေး​ အရိုက်ခံရတဲ့ Space Party ဂိတ်​မှာ ​ကျော်ဇောဟန်​(ခ)​ ကျော်​​ဇောကို​ တွေ့ရှိခဲ့ခြင်းမရှိဘူးလို့ တရားလိုပြသက်​​​သေ ​The One Entertainment ကလပ်မန်နေဂျာ ကိုဇော်သီဟထွန်းက တရားရုံးမှာ ထွက်ဆိုပါတယ်။ ဟာသသရုပ်​​ဆောင် ​​အောင်​ရဲ​ထွေး အသတ်ခံရမှုမှာ သန်းထွဋ်​​အောင်​ပါ ၃ ဦးကို အောက်တိုဘာ ၃၀ ရက်က ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​တရားရုံးမှာ တတိယအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ရုံးချိန်းမှာ​ လိုပြသက်​​သေနှစ်​ဦးဖြစ်တဲ့ The One Entertainment ကလပ်မန်နေဂျာ ကိုဇော်သီဟထွန်းနဲ့ အထွေထွေသန့်ရှင်းရေးတာဝန်ခံ ကိုနိုင်နိုင်ထွန်းတို့ကို စစ်ဆေးခဲ့ပါတယ်။ သက်သေတွေရဲ့ ထွက်ဆိုချက်အရ အခင်းဖြစ်​တဲ့ညက စွပ်​စွဲခံထားရသူ ​ကျော်​​ဇောဟန်​(ခ)​ ကျော​ဇောကို တွေ့ရှိခဲ့ခြင်းမရှိဘူးလို့ ကို​ဇော်​သီဟထွန်းက တရားရုံးမှာ ​ထွက်​ဆိုခဲ့တဲ့အပြင် အခင်းဖြစ်​ညမှာ ဖမ်းမိသူနှစ်​ဦးဟာ သန်းထွဋ်​​အောင်​(ခ)သားကြီးဖြစ်​ပြီး ကျန်​တစ်​​ယောက်​ရဲ့ အမည်​ကို မသိဘူးလို့ ထွက်​ဆိုခဲ့ပါတယ်။ သရုပ်​​ဆောင်​​အောင်​ရဲ​ထွေးဟာ ပြီးခဲ့တဲ့နှစ် ဇန်​နဝါရီ ၁ရက်​​နေ့က The One Entertainment ကို ရည်းစားဖြစ်သူ မပွင့်​​ကေခိုင်နဲ့အတူ ရောက်ရှိခဲ့ပြီး ခိုက်ရန်ဖြစ်ပွား ဝိုင်းဝန်​ထိုးကြိတ်​ခံခဲ့ရကာ ရန်​ကုန်​​ဆေးရုံကြီး​မှာ အတွင်းလူနာအဖြစ်​​ဆေးကုသမှု ခံယူခဲ့ပြီး ဇန်​နဝါရီ ၂ရက်​မှာ ရရှိတဲ့ ဒဏ်​ရာတွေနဲ့ သေဆုံးသွားတာပါ။ လက်​ရှိမှာ​ ပြစ်​မှုကျူးလွန်​သူလို့ စွပ်​စွဲခံထားရတဲ့ သန်းထွဋ်​​အောင်​(ခေါ်)သားကြီး၊​ အောင်​​လေးနဲ့ ကျော​ဇော(ခေါ်)​ကျော်​ဇောဟန်​တို့ သုံးဦးကို ရာဇသတ်​ကြီးပုဒ်​မ ၃၀၂နဲ့ အဖွင့် တရားစွဲဆို ထားပါတယ်။ နောက်တကြိမ် ​ရုံးချိန်းကို လာမယ့် နိုဝင်​ဘာ ၆ရက်​မှာ ပြန်​လည်​ချိန်းဆိုထားပါတယ်။
2 years Ago
More News
Up