အောက်လွှတ်တော်

July 17, 2019

လူမျိုးရေးခွဲခြားသည့် မှတ်ချက်ကြောင့် သမ္မတ ထရမ့်ကို အောက်လွှတ်တော် ပြစ်တင်ရှုတ်ချ

အမေရိကန် အမျိုးသမီး အောက်လွှတ်တော် အမတ် ၄ ယောက်ကို ရည်ညွှန်းပြီး လူမျိုးရေး ခွဲခြားတဲ့ မှတ်ချက်တွေ ရေးခဲ့တာနဲ့ပတ်သက်လို့ သမ္မတ ဒေါ်နယ်ထရမ့်ကို ပြစ်တင်ရှုတ်ချကြောင်း ဇူလိုင် ၁၆ ရက်နေ့က အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ဒီမဲခွဲဆုံးဖြတ်မှုဟာ သမ္မတ ထရမ့်ရဲ့ တွစ်တာမှတ်ချက်ကြောင့် ၃ ရက်ကြာ ဖြစ်ခဲ့တဲ့ အမျက်ဒေါသကို အဆုံးသတ်လိုက်ပေမယ့် ထရမ့်အပေါ် ထောက်ခံရာခိုင်နှုန်းမှာတော့  သက်ရောက်တာ သိပ်မရှိဘူးလို့ စစ်တမ်းသစ် တရပ်အရ သိရပါတယ်။ ဇူလိုင် ၁၄ ရက်နေ့က သမ္မတ ထရမ့်ဟာ အောက်လွှတ်တော်အမတ် ၄ ယောက်ကို “သူတို့လာခဲ့ရာ အလုံးစုံပျက်စီးပြီး ရာဇဝတ်ထူပြောတဲ့ နေရာတွေဆီ ပြန်သွားကြ” လို့ တွစ်တာကနေ ရေးခဲ့ပါတယ်။ သမ္မတ ထရမ့် ရည်ညွှန်းတဲ့ အမျိုးသမီး အောက်လွှတ်တော်အမတ်တွေကတော့  အဲလက်ဇန်းဒရီးယား အိုကာဆီယို ကော်တက်ဇ်၊ အီလ်ဟန် အိုမာ၊ အာယာနာ ပရက်စ်လီနဲ့ ရာရှီဒါ တာလစ်တို့ ဖြစ်ကြပါတယ်။
2 years Ago

July 12, 2019

အငြိမ်းစားလစာစနစ် ပြုပြင်ပြောင်းလဲရေး ဥပဒေမူကြမ်း ဘရာဇီးအောက်လွှတ်တော် အတည်ပြု

ဘရာဇီးနိုင်ငံထဲမှာ အငြိမ်းစားလစာစနစ်ကို အလုံးစုံ ပြုပြင်ပြောင်းလဲရေး အထင်ကရ ဥပဒေမူကြမ်းကို အောက်လွှတ်တော်က ဇူလိုင် ၁၀ ရက်မှာ အတည်ပြုလိုက်ပါတယ်။ နဂိုဟောကိန်းထုတ်ထားတာထက် ပိုပြီး အများကြီးကျယ်ပြန့်တဲ့ စနစ်သစ်ဟာ အစိုးရအတွက် အောင်ပွဲလို့ မီဒီယာတွေက ရေးပါတယ်။ ဒီဥပဒေမူကြမ်းရဲ့ အဓိကအစိတ်အပိုင်းကို ထောက်ခံမဲ ၃၇၉ မဲ၊ ကန့်ကွက်မဲ ၁၃၁ မဲတို့နဲ့ အတည်ပြုလိုက်တာပါ။ ဥပဒေမူကြမ်းကို အတည်ပြုဖို့ ထောက်ခံမဲ အနည်းဆုံး ၃၀၈ မဲ လိုပါတယ်။ ကျန်တဲ့ ပြင်ဆင်ဖြည့်စွက်ချက်တွေကိုတော့ အောက်လွှတ်တော်အတွင်း ဇူလိုင် ၁၁ ရက်မှာ မဲပေးဖို့ မျှော်လင့်ထားပါတယ်။ ဒီသီတင်းပတ် နှောင်းပိုင်းမှာ ဥပဒေမူကြမ်း တရပ်လုံးကို မဲပေးအပြီး အထက်လွှတ်တော်ကို ဆက်တင်ပြမှာပါ။ သီတင်း ၂ ပတ် လွှတ်တော်နားပြီးရင် သြဂုတ်လထဲမှာ အထက်လွှတ်တော်အတွင်း စကားရည်လု ငြင်းခုန်ကြမှာပါ။ စနစ်သစ်အရ အငြိမ်းစားယူနိုင်မယ့် အသက်ကို တိုးမြှင့်ထားပြီး လုပ်သားတွေရဲ့ အငြိမ်းစားစုငွေကို တိုးမြှင့်ထားပါတယ်။ တချို့လုပ်သားတွေရဲ့ အငြိမ်းစားခံစားခွင့်ကို လျှော့ထားလို့ အားကောင်းတဲ့ ဆန့်ကျင် ဆန္ဒပြတာတွေ ရင်ဆိုင်ခဲ့ရပါတယ်။ လာမယ့် ဆယ်စုနှစ်အတွင်း ပြည်သူ့ဘဏ္ဍာ အမေရိကန်ဒေါ်လာ ၂၆၃ ဘီလျံလောက်ကို သက်သာစေဖို့ ရည်မှန်းပြီး ဘဏ္ဍာရေး ကွာဟချက်ကြီးကို ပိတ်ဖို့ သမ္မတက ကြိုးစားနေပါတယ်။ အငြိမ်းစားစနစ် ပြုပြင်ပြောင်းလဲရေးဟာ အစိုးရ စီးပွားရေးလုပ်ငန်းစဉ်ရဲ့ ဒေါက်တိုင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ထောင်နဲ့ချီတဲ့လူတွေက ဆော်ပေါ်လိုမြို့မှာ ချီတက်ရင်း ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင် ဆန္ဒပြသလို သမ္မတကိုလည်း ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
2 years Ago
More News
Up