အေအိုင်အဖွဲ့ ထုတ်ပြန်

February 24, 2018

မက္ကဆီကိုနိုင်ငံတွင်း အကြမ်းဖက်မှုနှုန်း စံချိန်တင်အဆင့်ရောက်ရှိဟု အေအိုင်အဖွဲ့ ထုတ်ပြန်

၂၀၁၇ ခုနှစ်မှာ မက္ကဆီကိုနိုင်ငံအတွင်း အကြမ်းဖက်မှုဟာ စံချိန်တင်အဆင့်ကို ရောက်ရှိခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ အေအိုင်အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၇ ခုနှစ် အစီရင်ခံစာမှာ မက္ကဆီကိုနိုင်ငံမှာ လုံခြုံရေးအခြေအနေ တိုးမြှင့်ဖို့ တောင်းဆိုမှုနဲ့အတူ မက္ကဆီကိုနိုင်ငံသားတွေ ပျောက်ဆုံးနေတာ၊ ပြစ်မှုကျူးလွန်သူတွေကို အရေးမယူတာနဲ့ အကြမ်းဖက်မှုနှုန်း စံချိန်တင် ရောက်ရှိခဲ့တာဟာ စိုးရိမ်စရာလက္ခဏာတွေဖြစ်တယ်လို့  ဆိုပါတယ်။ “မက္ကဆီကိုမှာ လူတိုင်း လုံခြုံတယ်လို့ မခံစားရပါဘူး။ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း  ပျောက်ဆုံးနေသူ ၃၄,၀၀၀ အထိ ရှိပါတယ်။ သူတို့အကြောင်း ဘာသတင်းမှ ကျမတို့ မကြားရပါဘူး။ အစိုးရဘက်က သူတို့ကို ရှာဖွေဖို့  လုပ်တာမျိုး၊ စုံစမ်းတာမျိုးကို ကျမတို့ လုပ်စေချင်တယ်။ ဒါမှ သက်ဆိုင်ရာ မိသားစုတွေ တရားမျှတမှုကို အယုံအကြည်ရှိမယ်။ လူတိုင်းလည်း လုံခြုံတယ်လို့ ခံစားရမယ်” လို့ အေအိုင်အဖွဲ့ရဲ့ မက္ကဆီကိုနိုင်ငံဆိုင်ရာ အမှုဆောင်ညွှန်ကြားရေးမှူး တာနီယာ-ရေနီယံက ပြောပါတယ်။ “ပြီးခဲ့တဲ့ ၅ နှစ်အတွင်း လူ့အခွင့်အရေး ပုံရိပ်ကို မြှင့်ချင်လိုတဲ့ ဆန္ဒတွေရှိခဲ့တယ်လို့ ကျနော် ထင်တယ်။ ဒါပေမယ့် မက္ကဆီကို နိုင်ငံသားတွေ လိုချင်တဲ့ လူ့အခွင့်အရေးက ခက်ခဲနေတုန်းပဲလို့ ကျနော်ထင်တယ်။ မက္ကဆီကို နိုင်ငံသားတွေက သူတို့အခွင့်အရေး အလေးထားခံရပြီး  ငြိမ်းငြိမ်း ချမ်းချမ်း လုံလုံခြုံခြုံနေချင်ကြတာပါ” လို့ အမေရိကနိုင်ငံများ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဟောင်း ဂျိမ်းစ်ကာဗာလာရိုက  ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း လူပေါင်းလေးသောင်းကျော်အထိ စံချိန်တင် သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။ ဒါ့ပြင် မက္ကဆီကိုနိုင်ငံအတွင်း ပျောက်ဆုံးသွားသူ အရေအတွက်ဟာလည်း သုံးသောင်းကျော်အထိ မြင့်တက်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အမေရိကနိုင်ငံက လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌဟောင်းကတော့ မက္ကဆီကို အစိုးရဟာ နိုင်ငံ့လုံခြုံရေးကို မကိုင်တွယ်နိုင်သလို အပေါ်ယံကြောပဲ လုပ်နေတယ်လို့ ဝေဖန်ပါတယ်။ လုံခြုံရေးနဲ့ဆက်နွှယ်ပြီး ဖြစ်ပွားနေတဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ အာဏာအလွဲသုံးမှုနဲ့ အဂတိလိုက်စားမှုတွေကိုလည်း အေအိုင်အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ အလေးထား ဖော်ပြထားပါတယ်။
4 years Ago
Up