အေအိုင်ဒီအက်စ်

November 30, 2018

ရေစကြိုလူငယ်များ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အကြိုလှုပ်ရှားမှု စတင်

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ လူငယ်ကွန်ရက်အနေနဲ့ မြို့နယ်ထဲမှာ အိတ်ခ်ျအိုင်ဗွီ ဖြစ်ပွားနှုန်း လျှော့ချနိုင်ဖို့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အကြိုလှုပ်ရှားမှု စတင်ပြုလုပ်နေပါတယ်။ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ 3 MDG ရန်ပုံငွေနဲ့ ရေစကြိုလူငယ်ကွန်ရက်တို့ ပူးပေါင်းပြီး နိုဝင်ဘာ ၂၆ ရက်ကတည်းက စတင်ကာ ဒီဇင်ဘာ ၁ ရက်နေ့ ကျရောက်မယ့် ကမ္ဘာ့အေအိုင်ဒီအက်နေ့ အထိမ်းအမှတ် လှုပ်ရှားနေကြတာပါ။ ရေစကြိုမြို့နယ် လူငယ်ကွန်ရက်အဖွဲ့ဝင် မောင်အောင်ကျော်စိုးက “အခု ကျနော်တို့ ရေစကြိုမြို့နယ်အနေနဲ့ အရင်နှစ်တွေကထက် အိတ်ခ်ျအိုင်ဗွီဖြစ်ပွားမှု ရာခိုင်နှုန်းအားဖြင့် အများကြီး တိုးလာတာကို ကြားရတယ်။ ကျနော်တို့ နောက်ထပ် ဒီလိုမျိုးမဖြစ်အောင် လျော့ကျစေချင်တဲ့ ရည်ရွယ်ချက်နဲ့  ဒီပွဲကို ပြုလုပ်တာပါ” လို့ ပြောပါတယ်။ ရေစကြိုမြို့မှာ လူငယ်တွေအနေနဲ့ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ သတိထားစရာ အချက်တွေပါတဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေကြပါတယ်။ ရေစကြိုမြို့နယ် လူငယ်ကွန်ရက်အဖွဲ့ဝင် မခိုင်ဇာလင်းက “လက်ရှိအနေနဲ့ ရေစကြိုမြို့နယ်ကလူတွေ သိအောင်လို့ ဒီလက်ကမ်းစာစောင်တွေ ဖြန့်ဝေတယ်၊ နောက်ပြီးတော့ သီချင်းတွေ၊ အကတွေနဲ့လည်း ဖျော်ဖြေတယ်။ အကတွေ သီချင်းတွေ ဆိုတာကလည်း အပျော်အပျက်သီချင်းတွေ မဟုတ်ဘဲ ဒီ အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်တာတွေ ကာကွယ်ဖို့တွေ၊ ရှောင်ရန်တွေ သိအောင် အဲလိုသီချင်းလေးနဲ့ သူတို့ကို ဖျော်ဖြေပေးတယ်” လို့ ပြောပါတယ်။ ရေစကြိုမြို့နယ်ထဲမှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာအထိ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူပေါင်း ၃၀၀ နီးပါး ရှိနေပါတယ်။
2 years Ago

December 1, 2015

ကျန်းမာရေးအသုံးစရိတ် တိုးမြှင့်မှုကြောင့် မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်း ကျဆင်းလာ

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်တွေ တိုးမြှင့်ပေးမှုကြောင့် မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ဖြစ်ပွားနှုန်း ကျဆင်းလာတယ်လို့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့မှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ ကျန်းမာရေးအသုံးစရိတ် ဘတ်ဂျတ်ကို ၄ ဆ တိုးမြှင့်ပေးလိုက်ပြီး အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေအတွက် အသုံးစရိတ်လည်း တိုးမြှင့်ပေးလိုက်တာကြောင့် ရောဂါကူးစက်မှု ကျဆင်းလာတာလို့ ဒီကနေ့ ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်တဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အခမ်းအနားမှာ ဦးမြင့်ဆွေက ပြောသွားတာပါ။ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ကျန်းမာရေးအသုံးစရိတ်ကို နှစ်စဉ် တိုးမြှင့်ခဲ့ရာမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ကို ၄ ဆနီးပါး တိုးမြှင့်သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီထဲမှာ အိတ်ခ်ျအိုင်ဗွီကုသရေး လုပ်ငန်းများအတွက် ဒေါ်လာ ၅ သန်းနဲ့ မူးယစ်ဆေး အစားထိုး ဆေးတိုက်ကျွေးရေး စီမံချက်မှာ  ဒေါ်လာ ၁ သန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များရဲ့ တိုးတက်မှုများကို အနည်းငယ် ပြောကြားလိုပါတယ်။ ကနေ့အချိန်ခါမှာ မြန်မာနိုင်ငံအနေဖြင့် အိတ်ခ်ျအိုင်ဗွီရောဂါ ကာကွယ်တားဆီးရေးနဲ့ အေအာတီဆေးဝါး ကုသရေးလုပ်ငန်းများကို တိုးချဲ့နိုင်ခဲ့တဲ့အတွက် ဦးတည်အုပ်စုများ ဖြစ်ကြသော အမျိုးသားလိင်တူချစ်သူများ၊ လိင်အလုပ်သမများနှင့် မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများအကြား အိတ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်းများ သိသာစွာ ကျဆင်းလာခဲ့ကြောင်း သိရှိရပါတယ်။” လက်ရှိ မြန်မာနိုင်ငံအနှံ့ အစိုးရဆေးရုံတွေ အပါအ၀င် အေအာတီစင်တာ ၁၀၀ လောက် ဖွင့်လှစ်ပေးထားပြီး လာမယ့်နှစ်မှာ စင်တာသစ်တွေ တိုးချဲ့ပေးဖို့နဲ့ အေအာတီဆေးဝါး လိုအပ်ချက်တွေကို ၈၅ ရာခိုင်နှုန်းအထိ တိုးပေးဖို့ ကျန်းမာရေးဌာနက အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူပေါင်း ၂၁၀၀၀၀ ခန့်ရှိပြီး အေအာတီ ရောဂါတန့်ဆေး သောက်ဖို့လိုအပ်တဲ့ လူနာတ၀က်လောက် ဆေးမရဘဲ ရှိနေတယ်လို့ မြန်မာနိုင်ငံမှာ အေအိုင်ဒီအက်စ်ရောဂါ ကုသရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) က ကြေညာထားပါတယ်။ အိတ်ခ်ျအိုင်ဗွီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ပြည်ကြီးခင်အဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ဒေါ်နွယ်ဇင်ဝင်းကလည်း အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီး အေအာတီဆေး သောက်နေရသူတွေကို ပိုပြီး လွယ်ကူစေဖို့အတွက် သူတို့နေထိုင်ရာ မြို့နယ်တွေမှာ ဆေးပေးစင်တာတွေ ဖွင့်ထားပေမယ့် ဆေးလာထုတ်သူမရှိ ဖြစ်နေတယ်လို့ ပြောပါတယ်။ “ဆေးပေးတဲ့ စင်တာတွေက ဒီနှစ်မှာ တိုးလာတယ်ရှင်။ ၂၀၁၆ မှာလည်း ထပ်တိုးဖို့ရှိတယ်။ ၂၀၁၄ မှာ စလုပ်တယ်။ ၂၀၁၅ မှာ တိုးလာတယ်။ ဒါပေမယ့် တချို့စင်တာတွေမှာ စင်တာပဲဖွင့်ထားတယ်။ လူတွေက ဆေးလာမယူဘူး။ အရင်တုန်းကဆိုရင် ပုသိမ်ဆိုရင် ပုသိမ်မှာပဲ ယူလို့ရတယ်။ အခု နောက်ပိုင်းမှာ စင်တာအလိုက် ဧရာဝတီ၊ မအူပင်၊ မြောင်းမြ၊ ဖျာပုံ အဲလို အခွဲတွေ ဖွင့်ပေးတယ်။ ဒါပေမယ့် အဲဒီဒေသမှာ လာယူနေတဲ့သူက ကိုယ်နေရာဒေသမှာ ပြန်မယူချင်ကြဘူးပေါ့နော်။ အကြောင်းအရာတွေတော့ ရှိတာပေါ့။ ဆရာဝန်မရှိလို့ ဆေးသွားယူတဲ့အခါမှာ အဆင်မပြေတာမျိုး ရှိသလို တချို့က ကိုယ့်မြို့ကိုယ့်ရွာမှာ ကိုယ့်ကိုသိသွားမှာကို စိုးရိမ်တဲ့အတွက် မယူဘူး။ ဒါကြောင့်လည်း ဆေးပေးတဲ့နေရာမှာ နှောင့်နှေးမှုတွေ ရှိတာပေါ့။ အဲတော့ ဆေးများများလာယူဖို့လိုတယ်။” မြန်မာနိုင်ငံအတွင်းမှာ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါဝေဒနာ ခံစားရသူတွေ အနေနဲ့က အခုချိန်ထိ ခွဲခြားဆက်ဆံခံနေရဆဲ ဖြစ်တယ်လို့ ကိုယ်တိုင် ရောဂါခံစားနေရတဲ့ ကိုထင်အောင်က ပြောပါတယ်။ “ခွဲခြားဆက်ဆံခံနေရတာကတော့ နိုင်ငံတ၀ှမ်းမှာ ဖြစ်နေပါတယ်။ အထူးသဖြင့် ကျနော်တို့ ဒီဆေးရုံမှာ တက်တဲ့သူတွေ တခြားဆေးရုံကို သွားတဲ့အခါကျရင် တခြား အထွေထွေကုတွေဘာတွေ ရောက်ရင်လည်း အနှိမ်ခံရတယ်။ တချို့နယ်ဆေးရုံတွေဆိုရင် ပိုဆိုးတယ်။ အမှန်ကတော့ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဖြစ်တယ်ဆိုတာက ရောဂါတမျိုးပဲလေ။ ရောဂါသည်လည်း လူထဲကလူပဲ၊ ခွဲခြားဆက်ဆံစရာ အကြောင်းကိုမရှိဘူး။ ဒါကြောင့် ရောဂါသည်တွေကို တွေ့တဲ့အခါ အားပေးကူညီပါ။ ခွဲခြားဆက်ဆံမှုတွေ မလုပ်ပါနဲ့လို့ ပြောချင်တယ်။” လာမယ့် အစိုးရသစ်လက်ထက်မှာ အေအာတီဆေးတွေ လိုအပ်နေသူတွေလက်ထဲ ရောက်ဖို့နဲ့ ခွဲခြားဆက်ဆံမှုတွေကို အပြောင်းအလဲတခု အနေနဲ့ လုပ်ဆောင်သွားမယ်လို့  အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။ ဒီဇင်ဘာ ၁ ရက် ကျရောက်တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ကိုတော့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဦးစီးပြီး တိုင်းနဲ့ပြည်နယ် အသီးသီးမှာ အခမ်းအနားတွေ ကျင်းပကြသလို နာရေးကူညီမှုအသင်း အပါအ၀င်  အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း နေရာဒေသ အသီးသီးမှာ ကျင်းပပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ရန်ကုန်မြို့ ပါတီဌာနချုပ်မှာ  အထိမ်းအမှတ် အခမ်းအနား ကျင်းပပါတယ်။
5 years Ago

အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ တ၀က်လောက် ဆေးဝါးလိုအပ်နေတယ် - ဒေါ်ဖြူဖြူသင်း

မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ ၂၁၀၀၀၀ ကျော်ထဲက တ၀က်လောက်သာ ဆေးဝါးကုသမှု ရရှိထားပြီး ကျန်တ၀က်က ဆေးဝါးလိုအပ်နေတယ်လို့ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေအတွက် ဂေဟာဖွင့်လှစ် ကူညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် အမတ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့မှာ မြန်မာနိုင်ငံက အေအိုင်ဒီအက်စ် ရောဂါခံစားနေရသူတွေအတွက် ဘာတွေအခက်အခဲရှိနေလဲ၊ ဘာတွေလိုအပ်နေလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်ဖြူဖြူသင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဒီနှစ် ၂၀၁၅ မှာ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေအတွက် ဆေးဝါးကုသမှု အခြေအနေ ဘာတွေတိုးတက်လာလဲ၊ ဘာတွေလိုအပ်နေသလဲဆိုတာ ပြောပြပေးပါလား။ “လောလောဆယ် ရန်ကုန်မှာရှိတဲ့သူတွေ အတွက်ကတော့ မခက်ဘူးပေါ့နော်။ ဆေးကတော့ ရှိနေတယ်၊ ရတော့ရနေတယ်။ ဒါပေမယ့် အပြည့်အ၀ရယ်လို့ မဟုတ်ဘူး။ အားလုံး ရောဂါရှိရင် ဆေးရမယ်ဆိုတဲ့ သဘာမျိုးတော့ မရသေးဘူး။ ဥပမာ နိုင်ငံတကာမှာဆိုရင် အခုနောက်ပိုင်း ပြဋ္ဌာန်းချက်ရှိတယ်လေ။ ရောဂါဖြစ်တာနဲ့ ဆေးသောက်ခွင့် ရှိကိုရှိရမယ်ဆိုပြီးတော့ အကုန်လုံးကို သူတို့ ညွှန်ကြားချက်နဲ့ လုပ်တာရှိတယ်။ ဒီမှာကျတော့ အဲလိုအဆင့်ကို မရောက်သေးဘူး။ ဆေးသောက်ဖို့အတွက်ကို တန်းစီရတဲ့စနစ်က ရှိနေတယ်။ အခုလက်ရှိ အနေအထားအရ စောင့်ရသေးတယ်။ နောက်ပြီးတော့ ခွဲတန်းလို ပုံစံမျိုးပေါ့နော်။ ဆေးပေးတယ်ဆိုရင် သူတို့က သတ်မှတ်ထားတဲ့လူဦးရေ ဥပမာ ၅၀၊ ၁၀၀ အဲဒါပြီးသွားရင် တခါပြန်စောင့်ပေါ့နော်။ အစိုးရဆေးရုံတွေမှာတော့ ဆေးပေးနေတာရှိတယ်။ ဒါပေမယ့် သူတို့ကလည်း ၀န်ထမ်းအင်အားက မမျှဘူး။ တန်းစီတဲ့လူတွေက အရမ်းများတယ် ဆိုတဲ့အခါကျတော့ ဘယ်ပဲဖြစ်ဖြစ် တန်းစီပြီးတော့မှ ရတဲ့အနေအထားပဲ ရှိနေသေးတယ်။ နောက်တချက် ကျမတို့ ဒီမှာ လူနာဦးရေက ၂ သိန်း ၁ သောင်းကျော်ကျော်လောက် ရှိတယ်ပေါ့နော်။ ဒါပေမယ့် ဆေးတကယ်ရနေတာက တ၀က်နီးနီးလောက်ပဲ ရနေသေးတယ် ဆိုတဲ့အခါကျတော့ လူနာတွေအတွက်က ဆေးဝါးက ရတော့ရနေတယ်၊ ဒါပေမယ့် လွယ်လွယ်ကူကူနဲ့  ရနေတာမျိုး မဟုတ်ဘူးပေါ့နော်။” အဲတော့ နောက်ထပ် ဘာတွေ လုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ။ “အဓိကကတော့ ဆေးဝါးတွေက လက်ရှိအနေအထားအရ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောတာတော့ မြန်မာပြည်မှာ ဆေးဝါးနဲ့ပတ်သက်ပြီး အလုံအလောက် ပေးထားပါတယ်လို့ ပြောတယ်။ အမှန်တကယ် ကျမတို့နိုင်ငံမှာ တကယ်ရရှိမှုက တော်တော်လေးကို နည်းပါးနေတယ်ပေါ့နော်။ နေရာတိုင်းမှာလည်း မရသလို အခက်အခဲက ရှိနေတုန်းပဲ။ အဲဒီအခါကျတော့ ကျမတို့ ဘာတွေမြင်လဲဆိုတော့ အမှန်တကယ် ဒီဆေးကို ပေးဖို့အတွက်က အခုဆိုရင် အစိုးရဆေးရုံမှာပေးတယ်။ ၀န်ထမ်းတွေက ဒီတိုင်းက ဒီတိုင်းပဲ။ ဒီဆရာဝန်အပေါ်မှာပဲ ထပ်ပြီးတော့ ဆေးပေးတဲ့အခါကျတော့ တကယ်အလုပ်လုပ်ရတာ ပိုပြီး အခက်အခဲရှိတယ်။ တကယ်ဆိုလို့ရှိရင် အိပ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ပြီးတော့ သီးခြား ဆေးပေးတဲ့ ဆရာဝန်တွေ ထပ်ပြီးတိုးချဲ့ဖို့ လိုသလို ဆေးပေးတဲ့အခါမှာလည်း ၀န်ထမ်းတွေ အများကြီး ထပ်လိုတယ်။ အဲလိုရှိတော့မှသာလျှင် ပေးထားတဲ့ဆေးက လူနာတွေလက်ထဲကို တိတိကျကျ ရောက်နိုင်မှာပေါ့နော်။ နောက်တခုကျတော့ အခုလက်ရှိ အနေအထားအရကို ကျန်းမာရေးဌာနတွေ ကိုယ်တိုင်ကိုက ဒီလူနာတွေကို ခွဲခြားဆက်ဆံတဲ့ဟာက မပျောက်သေးဘူး။ နေရာတိုင်းမှာ ရှိနေတုန်းပဲ။ အခုလက်ရှိကို လူနာတွေ တော်တော်များများက ကျန်းမာရေးဝန်ထမ်းတွေရဲ့ ခွဲခြားဆက်ဆံတာကို ခံနေရတုန်းပဲ။ ဆေးဝါးရရှိမှု အခက်အခဲ ရှိနေတုန်းပဲ။ အဓိကတော့ ကျမတို့ ရရှိနေတဲ့ ဆေးဝါးတွေ ရှိရင်လည်း သတင်းအချက်အလက်တွေကို ပြည်သူလူထုသိအောင်လို့ အစိုးရအနေနဲ့ များများလုပ်ဖို့လိုတယ်လို့ ကျမ မြင်တယ်။” အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို မြန်မာ့လူမှုအသိုင်းအ၀ိုင်းတွေက အခုချိန်ထိ ခွဲခြားဆက်ဆံတာတွေက ရှိနေတုန်းပဲလား။ “ရှိနေသေးတာပဲ။ အခု တော်တော်များများက ဒီနေ့ဒီချိန်အထိ ရောဂါဝေဒနာ ခံစားရတဲ့ ကလေးတွေဆိုလို့ရှိရင် ကျောင်းတွေဘာတွေ သွားတက်မယ်ဆိုရင် သူတို့က အမြဲတမ်း သူတို့ဘာသူတို့ ခံစားနေရတာတွေရှိတယ်။ နောက် ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေး တမျိုးခံစားရတာတွေ ရှိတယ်။ နောက် ဥပမာအားဖြင့် ဆေးရုံတွေ သွားမယ်ဆိုရင် ရောဂါရှိတယ်ဆိုရင် အပြင်ကို ထုတ်ထားလိုက်တယ်။ ဆေးရုံအပြင်မှာ သီးခြားသတ်သတ် လုပ်လိုက်တာရှိတယ်။ နောက်တချက်က ကလေးတွေ ဆေးရုံသွားတက်လို့ရှိရင် သီးသန့်အခန်းကို ခွဲထားလိုက်တဲ့ အခါကျတော့ အကုန်လုံးက ၀ိုင်းကြည့်နေတယ်။ တော်တော်များများက စိတ်ဒဏ်ရာက ဒီရောဂါဝေဒနာ ခံစားနေရတဲ့သူတွေက ရနေတုန်းပဲ။ ခွဲခြားဆက်ဆံမှုကတော့ မိသားစုရယ် ပတ်ဝန်းကျင်တွေမှာတော့ နည်းနည်းပါးပါးပဲ လျော့သွားပြီးတော့ တော်တော်များများ ကျန်နေသေးတယ်။” ဒေါ်ဖြူဖြူသင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်တယ်ဆိုတော့ အရင်က  လွှတ်တော်ထဲမှာ အိပ်ခ်ျအိုင်ဗွီအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေ မကြားခဲ့ရဘူး။ ဆွေးနွေးခဲ့တာတွေရှိလား။ “ကျမ အဓိက ကျန်းမာရေးကိစ္စတွေကိုပဲ ပြောဖြစ်တယ်။ ကျမတို့ ပြီးခဲ့တဲ့ လွှတ်တော်မှာဆိုလို့ရှိရင် ကျမတို့ အားလုံးသိတဲ့အတိုင်းပဲ ကျမတို့နိုင်ငံရဲ့ ကျန်းမာရေးစနစ်ကြီး  တခုလုံးက ပျက်စီးနေတာပေါ့နော်။ အဲဒါကိုပဲ အဓိကထားပြီးလုပ်တော့မှ ဒီ အိပ်ခ်ျအိုင်ဗွီ အပါအ၀င် ကျန်တဲ့ ကူးစက်ရောဂါတွေက ကောင်းမွန်လာမယ်ပေါ့။ ဒါကြောင့် ကျမက ကျန်းမာရေးစနစ်ကြီး တခုလုံးကို ပြောင်းလဲဖို့အတွက်ကို အဓိကထားပြီး ပြောဖြစ်တယ်။ အိပ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်လို့ကတော့ ကျမတို့ ကော်မတီလေးတွေ ဖွဲ့ထားတာရှိတယ်။ နောက်ပြီး နိုင်ငံတကာမှာ အိပ်ခ်ျအိုင်ဗွီဖိုရမ် ဆွေးနွေးပွဲတွေ သွားတက်တာတွေရှိတယ်။” လာမယ့်လွှတ်တော်သစ်သက်တမ်းမှာရော အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်တွေအတွက် သူတို့အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး သီးခြားဆွေးနွေးဖို့ရှိလား။ ဘယ်လိုအစီအစဉ်တွေရှိလဲ။ “ရှိတယ်။ ဒီကိစ္စက အရင်အခြေအနေနဲ့ ကျမတို့ ပြောရမယ်ဆိုရင် ပြောလည်း ထူးခြားမှု သိပ်မတွေ့ရဘူးပေါ့နော်။ ကျမတို့ ဖြစ်နေတဲ့ပုံစံကိုက ကျမတို့တိုင်းပြည်ရဲ့ စနစ်တွေကိုက ပျက်စီးနေတာကို။ အခုလာမယ့်လွှတ်တော်မှာ ကဏ္ဍအသီးသီး ပြောစရာတွေ အများကြီးရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ကျမတို့ဆီမှာလည်း လက်ရှိက တိုင်းနဲ့ပြည်နယ်အနှံ့မှာ ရောဂါဝေဒနာ ခံစားနေရတဲ့လူတွေနဲ့ ကျမတို့ ချိတ်ဆက်ပြီး လုပ်နေတာရှိတယ်။ အဲဒီအခါကျတော့ ကျမတို့ ရှေ့လာမယ့် လွှတ်တော်မှာ သေသေချာချာကို လူနာတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်သွားဖို့ရှိတယ်။” အိတ်ခ်ျအိုင်ဗွီအရေးနဲ့ ပတ်သက်ပြီး ဒီဗွီဘီကတဆင့် တခြား ဘာများပြောချင်တာ ရှိဦးမလဲ။ “ကျမတို့ မြန်မာပြည်ကတော့ ရောဂါဝေဒနာ ခံစားနေရတဲ့သူတွေ တော်တော်များများက အခက်အခဲတွေ၊ ခွဲခြားဆက်ဆံတာတွေ၊ လူမှုဘ၀ ပတ်ဝန်းကျင်မှာ စနစ်ဆိုးရဲ့အောက်မှာ လူငယ်လူရွယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာတွေ ပြဿနာပေါင်းစုံနဲ့ သူတို့ ရင်ဆိုင်နေရတယ်။ ရောဂါရှိပေမယ့် စိတ်ဓာတ်မကျဘဲ တကယ့်ရုန်းကန်နေတဲ့ သူတွေလည်း အများကြီး ရှိတယ်ပေါ့။ ဒါကြောင့်မို့ အခုလာမယ့်နှစ်ထဲမှာတော့ အပြောင်းအလဲတခုမှာ ရောဂါဝေဒနာ ခံစားရတဲ့သူတွေလည်း စိတ်ဓာတ်မကျဘဲ အားလုံးညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပြီးတော့ တခြားနိုင်ငံတွေနည်းတူ ဒီရောဂါကို ကာကွယ်ထားနိုင်ဖို့၊ ဆေးဝါး အပြည့်အ၀ရဖို့၊ ခွဲခြားဆက်ဆံမှု လျော့ကျဖို့အတွက်ကို ကျမတို့အားလုံး လက်တွဲပြီးတော့ ကြိုးစားဆောင်ရွက်မယ်လို့ ပြောချင်ပါတယ်။”
5 years Ago
More News
Up