အေဘီအက်စ်ဒီအက်ဖ်

May 21, 2019

ABSDF ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ကျော်ကို၏ ဈာပန မဲဆောက်တွင်ကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)  ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ကျော်ကိုရဲ့ ဈာပနကို ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တောရဘုန်းကြီးကျောင်းမှာ ကျင်းပပါတယ်။ အသက် ၅၁ နှစ်အရွယ် ကိုကျော်ကိုဟာ မဲဆောက်မြို့မှာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဘောလုံးကန်နေရင်း မေလ ၁၇ ရက်က အမောဖောက်ကာ နှစ်လုံးရပ်ပြီး ကွယ်လွန်သွားခဲ့တာပါ။ ရဲဘော်ကျော်ကို (ခ) ကိုကျော်ကိုကိုဝင်းကို မွန်ပြည်နယ်၊ မုဒုံမြို့မှာ ၁၉၆၈ ခုနှစ် မတ်လ ၂၅ ရက်မှာ အဘ ဦးစံမြင့်၊ အမိဒေါ်သန်းညွန့်တို့က မွေးဖွားခဲ့ပြီး မောင်နှမမွေးချင်း ၈ ဦးအနက် တတိယမြောက်သား ဖြစ်ပါတယ်။ မူလတန်းပညာကို သင်္ဘောဦး အလယ်တန်းကျောင်းမှာ ပညာသင်ယူခဲ့ပြီး ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့အထိ မုဒုံမြို့ အ.ထ.က (၁) မှာ ပညာသင်ယူခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှာ ပြည်မြို့ စက်မှုလက်မှုသိပ္ပံ (GTI) မှာ တက်ရောက်ပညာသင်ကြားခဲ့ပြီး  ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ မုဒုံမြို့နယ် ကျောင်းသားခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေးနယ်မြေကို တောခိုကာ မကဒတ ကျောင်းသားတပ်မတော် စတင်ဖွဲ့စည်းချိန်ကစလို့ လက်နက်ကိုင် တော်လှန်ရေး တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့ပါတယ်။ သေ့ဘောဘိုးစခန်း ကော်မတီ အတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တပ်မဟာ (၆) အလုပ်အဖွဲ့ဝင်၊ အလယ်ပိုင်းဒေသ အလုပ်အဖွဲ့ဝင်၊ တောင်ပိုင်းဒေသ အလုပ်အဖွဲ့ခေါင်းဆောင်နဲ့ မကဒတ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုဦးဆောင်ကော်မတီဝင်၊ ဗဟိုကော်မတီဝင် စစ်ဦးစီးမှူး တာဝန်တွေလည်း ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအန်တုမှုကော်မတီ (PDC) မှာ ဒုညွန်ကြားရေးမှူး၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) မှာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ်လည်းကောင်း  ကွယ်လွန်ချိန်ထိ တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာတော့ ဇနီးဖြစ်သူနဲ့ သမီးတယောက် ကျန်ရစ်ခဲ့ပါတယ်။ ရဲဘော်ကျော်ကိုရဲ့ ဈာပနအခမ်းအနားကို ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်တွေနဲ့ တပ်ဖွဲ့ဝင်တွေသာမက သူ့ကို ချစ်ခင်လေးစားတဲ့ မဟာမိတ် အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေ တက်ရောက်ခဲ့ကြပါတယ်။ သတင်း - ဖိုးစီ၊ ဓာတ်ပုံ - ကိုဈာန်  
2 years Ago

October 2, 2015

ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖြတ်သန်းဖို့ အန်စီအေစာချုပ်ကို အသုံးချထားဖို့လိုတယ် - ရဲဘော်သံခဲ

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) (ကျောင်းသားတပ်မတော်) က အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နဲ့ သဘောထားတူညီ ဆုံးဖြတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်များ အစည်းအဝေးမှာ သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အစည်းအဝေးတက်ရောက်တဲ့ မကဒတဥက္ကဋ္ဌ ရဲဘော်သံခဲကို စက်တင်ဘာ ၃၀ ရက်နေ့ညက တွေ့ဆုံမေးမြန်းထားပါတယ်။ အေဘီအက်စ်ဒီအက်ဖ်က ဘာကြောင့် လတ်တလော လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ သိပါရစေ။ "တခုကတော့ပေါ့ဗျာ ဒါ ဒီနေ့ တိုင်းရင်းသားလက်နက်ကိုင် တိုင်းရင်းသား  အဖွဲ့အစည်းတွေရဲ့ အကြားထဲမှာ ဘုံရည်မှန်းချက်ကတော့ တူတယ်။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပဲ။ ဒါပေမယ့် ချဉ်းကပ်ပုံ ချဉ်းကပ်နည်းတွေက နောက်ခံနိုင်ငံရေး အခြေအနေတွေ၊ နောက်တခုက နယ်မြေတွေ အခြေအနေတွေ ဒါတွေက ဖြတ်သန်းနေရတဲ့ အနေအထားက ကွဲတယ်။ ကွဲတော့ ပြောရရင် အန်စီအေကို လက်မှတ်ရေးထိုးသင့်၊ မထိုးသင့်ဆိုတဲ့အပိုင်းမှာ ကျေကျေလည်လည် ဆွေးနွေးခဲ့ကြတာ အမှန်ပါပဲ။ ဒီ အန်စီအေဆိုတဲ့ text ကြီး တခုလုံးပေါ့လေ ဖြစ်လာအောင်လို့ အပိုဒ်ပေါင်း ၃၃ ပိုဒ်ရှိမယ် စသဖြင့် ဒါတွေအားလုံးဟာ သဘောတူပြီးသားဖြစ်တယ်။ ဒါပေမယ့် ဒါကြီးကို အခုပြောသလိုပဲ အားလုံး ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့် ဒီဟာကို ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖြတ်သန်းဖို့ဆိုရင် အဲဒီဖြတ်သန်းတဲ့ အခြေအနေမှာ ဒါကို တခုခု အသုံးချထားဖို့လိုတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အတူတကွပေါ့ဗျာ လက်မှတ်ထိုးနိုင်တဲ့ အခြေအနေတော့ မရှိတော့ပါဘူး ဒါ ပွင့်ပွင့်လင်းလင်းပြောရရင်။ "သို့သော်လည်းပဲ နောက်ခံအခြေအနေတွေက ဒီ အန်စီအေကို သဘောတူထားတဲ့ အချက်အလက်တွေကို ဘယ်သူမှ ကန့်ကွက်တဲ့လူမရှိဘူး။ နောက်တခုကတော့ အဲဒီမှာ မတူတဲ့အခြေခံ ၂ ချက်ကို တွေ့တယ်။ တခုက ဘာလဲဆိုတဲ့အခါကျတော့ အန်စီအေကို အားလုံးက လက်မှတ်ထိုးဖို့ အသင့်ပဲ။ ဒါ နံပါတ် ၁။ ဒုတိယတချက်ကတော့ ဘာကြောင့် မထိုးနိုင်သလဲဆိုတာမှာ တချို့က ဒီဟာကို အချိန်ယူရမယ်ပြောတယ်။ အချိန်ယူဖို့လိုတယ်၊ တချို့ကတော့ အခြေအနေ အချက်အလက် ပြည့်စုံဖို့လိုတယ်။ ဒါပေမယ့် မထိုးဘူးလို့ ပြောနေကြတာတော့ မဟုတ်ဘူး။ အဲဒီတော့ ဒီအခြေခံအောက်မှာ လက်မှတ်ထိုးပြီးတဲ့ အခါကျတော့မှ ဒီ အန်စီအေကို ကျနော်တို့အားလုံးကြားထဲမှာ ဒါဟာ တချိန်ချိန်မှာ ငြိမ်းချမ်းရေးအတွက် အသုံးချဖို့ဆိုတဲ့ ခိုင်မာတဲ့ မှတ်တိုင်တခု စိုက်ဖို့လည်း လိုတယ်လို့ ယူဆကောင်း ယူဆနိုင်တယ်။ ဒီအတွက်ပြောချင်တာက ဘာလဲဆိုရင် ဒီ အန်စီအေဆိုတဲ့ စာချုပ်တခုကိုတော့ တည့်တည့်ပြောကြလို့ဆို ဒီအချိန်ကာလမှာ ဒါ ကျနော်တို့အားလုံးအတွက် ရထားတဲ့ ရလဒ်တခု၊ ဒါပေမယ့် အသုံးချမှုနဲ့ အားလုံး အကောင်အထည်ဖော်မှု ဆိုတာကတော့ အချက်အလက်တွေ ပြည့်စုံမှ ဖော်ဆောင်နိုင်မှာဖြစ်တယ်။ ဒီတော့ ဒီအသုံးချမှုအပေါ်မှာ ကျနော်တို့အနေနဲ့က တဘက်က စဉ်းစားရင်လည်း စဉ်းစားတယ်။ နောက်တခုက ဒီအပေါ်မှာ ဘယ်သူမှ ဒါကို လက်မှတ်မထိုးဘူးလို့ ငြင်းနေကြတာ မဟုတ်ဘူး။ အဲလိုမတူညီတဲ့ အခြေခံအောက်မှာ အတူတကွလည်း ဆက်ပြီး လက်တွဲလုပ်ဆောင်သွားဖို့လိုတယ်။ "ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချက်အလက်က ဘာကို ပြောမလဲဆိုရင် ကျနော်တို့ frame work မူဘောင်ကိုပဲဆွဲဆွဲ၊ အရင်းခံ နိုင်ငံရေးပြဿနာကိုပဲရှင်းရှင်း ဒါဟာ တဖွဲ့ နှစ်ဖွဲ့နဲ့ ရှင်းလို့ရတာ မဟုတ်ဘူး။ အားလုံးအတူတကွ ပါဝင်ပြီးတော့မှ ရှင်းရမှာဖြစ်တယ်။ အဲဒါကို ကျနော်တို့က ကြိုစားရဦးမယ်။ အဲဒါကို ဆက်ပြီးကြိုးစားဖို့လိုတယ်။ ဒီတော့ ဆိုလိုချင်တဲ့အဓိပ္ပာယ်က ဘာလဲဆိုရင် ခု အန်စီအေကို ခုနပြောသလို ၇ ဖွဲ့ပဲထိုးထိုး၊ ၈ ဖွဲ့ပဲထိုးထိုး၊ ၉ ဖွဲ့ပဲထိုးထိုး၊ နောက်ဆုံး ၁၀ ဖွဲ့ပဲထိုးထိုး ဒီ ခုပြောနေတဲ့ အချက်အလက်တွေနဲ့ မပြည့်စုံသေးသမျှ တတိုင်းပြည်လုံးဆိုင်ရာ ပြဿ နာတွေကို ပြည့်ပြည့်၀၀ အကောင်အထည်ဖော်ဖို့ဆိုတာ တော်တော်လေးကို အလှမ်းဝေးတယ်။ ဒါပေမယ့် သေချာတာတခုကတော့ ဒါ အစပျိုးမှုလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ငြိမ်းချမ်းရေးဆိုတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းတဲ့နေရာမှာ အခု ပြောသလိုပဲ အစပျိုးမှုတွေရှိနိုင်တယ်၊ နောက်ဆုံး အားလုံးပါဝင်မှုတွေလည်း ရှိကောင်းရှိနိုင်တယ်။ ဆိုလိုချင်တဲ့အဓိပ္ပာယ်က အခြေအနေအမျိုးမျိုးကြောင့်မို့လို့ လက်မှတ်ထိုးနိုင်တဲ့ အဖွဲ့တွေ ရှိနိုင်တယ်။ လက်မှတ်မထိုးနိုင်သေးတဲ့ အဖွဲ့တွေ ရှိနိုင်တယ်။ အဲဒီတော့ မထိုးနိုင်သေးတဲ့ အဖွဲ့တွေက မထိုးဘူးလို့ပြောနေတာမဟုတ်ဘူး။ အချိန်နဲ့ အခြေအနေကြောင့်မို့လို့ သူတို့ကပြောနေကြတာ။ ဒါကြောင့်မို့လို့လည်း ကျနော်တို့အနေနဲ့က ပြောတာက အေဘီအက်စ်ဒီအက်ဖ်ရဲ့ ဖြစ်တည်မှုနဲ့ ကျနော်တို့အနေနဲ့ ပြောနိုင်တာက တိုင်းပြည်ရဲ့နိုင်ငံရေးပြဿ နာတွေကို ဖြေရှင်းဖို့သည်၊ အဓိကဖြေရှင်းရမှာသည် နိုင်ငံရေးအရင်းခံတွေကို နိုင်ငံရေးဆွေးနွေးပွဲမှာ ရှင်းရမှာဖြစ်တယ်။ ဒီတော့ ဒီနိုင်ငံရေးဆွေးနွေးပွဲတွေကို မရောက်ရောက်အောင် သွားဖို့ ကျနော်တို့က နည်းလမ်းတွေကို မြောက်မြားစွာ ရှာရမှာဖြစ်တယ်။ တိတ်နေလို့လည်း မရသလို ဒီဟာကြီးတွေကို တဘက်ကကြည့်ရင်လည်း ဒီအတွက် ရုန်းကန်ခဲ့ကြရတာ။ "အဲဒီတော့ အခုပြောနေတဲ့ တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေထဲမှာ ၁၅ ဖွဲ့၊ ၁၆ ဖွဲ့ စသဖြင့် အဖွဲ့အစည်း တော်တော်များများ အားလုံးဟာ တနည်းအားဖြင့်ပြောရင် နှစ်ဦးနှစ်ဘက် ဘိုင်လက်ထရယ် အဂရီးမင့်ဆိုတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်တွေကို ချုပ်ထားကြတာဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေး တဦးချင်းသာ ချုပ်ထားပေမယ့် တတိုင်းပြည်လုံးဆိုင်ရာ အဆင့်ကို မရောက်သေးတဲ့အဆင့်ပဲ ရှိတယ်။ ဒီတော့ မထိုးသော်လည်းပဲ တနည်းအားဖြင့်ပြောရင် နေရာဒေသ တော်တော်များများ၊ အဖွဲ့အစည်း တော်တော်များများဟာ ထိုးပြီးသားလည်းဖြစ်တယ်။ ဒါပေမယ့် ဒီဟာကို ဘယ်လောက်ကြီးအထိ ညှိညှိနှိုင်းနှိုင်းနဲ့ ဆောင်ရွက်သွားနိုင်မလဲဆိုတဲ့ အဆင့်ကို ဆက်ပြီးဆွေးနွေးကြရလိမ့်မယ်ထင်တယ်။ ဒီတော့ သုံးပွင့်ဆိုင်ပေါ့ဗျာ တနည်းအားဖြင့် ပြောရရင်။ လက်ရှိ ခုပြောနေတဲ့အစိုးရနဲ့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးရမယ့်အပိုင်းက တပိုင်း၊ ကျနော်တို့အချင်းချင်းကြားမှာ ဆွေးနွေးရမှာက တပိုင်း၊ နောက်တခုကတော့ အခုပြောနေတဲ့ အခြေအနေကို ကိုယ်ယုံကြည်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ထွန်းဖို့အတွက် နည်းလမ်းတွေ ရှာဖွေတဲ့အပိုင်းက တပိုင်း အဲလို ဖြစ်လာတယ်လို့ပဲ ကျနော်က ယူဆတာပဲ။” ဒီထိပ်သီးဆွေးနွေးပွဲမှာ ၇ ဖွဲ့ကထိုးမယ်၊ ကျန်တာတွေက မထိုးသေးဘူး ဖြစ်တဲ့အပေါ်မှာ တဘက်အဖွဲ့အစည်းကနေပြီးတော့ ဗမာပြည်ဟာ ပြည်တွင်းစစ်တွေများ ပြန်ပြီး မီးဟုန်းဟုန်းတောက်မယ့် အခြေအနေများ ပြန်ဖြစ်ကောင်းဖြစ်နိုင်တဲ့ အနေအထားမျိုး မရှိဘူးလား။ “ဟာ ကျနော်တို့လည်း အဲဒါကို စိုးရိမ်တာပါပဲ။ အထူးသဖြင့်က ကျနော်တို့ဗမာပြည်ရဲ့ ပြည်တွင်းစစ်ဟာ နှစ်ပေါင်းကြာရှည်လှပါပြီ။ အရင်းခံနိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ဘူး၊ အင်အားသုံးဖြေရှင်းမှုတွေ၊ နောက်တခုကတော့ တန်းတူညီမျှမှု၊ ဂုဏ်သိက္ခာမရှိတဲ့  ဖြေရှင်းမှုတွေ ရှိနေတဲ့အတွက်လည်း ဒီ ကျနော်တို့ဗမာပြည်ရဲ့ပြဿနာဟာ ကြာရှည်လာတာဖြစ်တယ်။ အဲဒီလို ကြာရှည်လာတဲ့အလျောက် ကျနော်တို့က ပြောချင်တာက ဘာလဲဆိုရင် တယောက်နဲ့တယောက် ယုံကြည်မှုဆိုတဲ့စကားကို ဆိုတာထက် ဘယ်လောက်ကြီးထိ ဒီငြိမ်းချမ်းရေးဖြစ်စဉ်၊ ဘယ်လောက်ကြီးထိ ဒီနိုင်ငံရေးဆွေးနွေးပွဲတွေကို အရောက်သွားနိုင်လိမ့်မလဲ၊ ဒါတွေကို နည်းလမ်းရှာဖွေချင်တာပါပဲ။ ကျနော်တို့ပြောချင်တာက ဒီခရီးဟာ သေချာတဲ့ခရီးလို့လည်း ပြောလို့မရပါဘူး။ ဆိုလိုချင်တဲ့အဓိပ္ပာယ်က ဘာလဲဆိုရင် ကျနော်တို့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုပေမယ့် ခုပြောသလို ၇ ဖွဲ့ ၈ ဖွဲ့ ထိုးရုံနဲ့လည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ကြန်အင်လက္ခဏာတွေနဲ့ မပြည့်စုံနိုင်သေးဘူး။ "ဒါပေမယ့် သေချာတာတခုကတော့ တစိတ်တပိုင်းအားဖြင့် အားလုံးသဘောတူထားသော ကိစ္စရပ်ကြီးတခုသည် တချိန်ချိန်မှာ အသုံးချမယ်ဆိုတဲ့ဟာ၊ နောက်တခုက ဒီဟာကြီးကို အားလုံးက ကျနော်တို့တတွေဟာ လက်ခံထားခဲ့တယ်ဆိုတဲ့ အမှတ်တခုကတော့ ရမှာပေါ့ဗျာ။ စည်းနှောင်မှု တခုတော့ရမယ်။ တပြိုင်နက်တည်းမှာပဲ ဒီစာချုပ်အောက်မှာရှိတဲ့၊ စာချုပ်ထဲမှာပါတဲ့ တပ်ဘက်ပိုင်းဆိုင်ရာ၊ စစ်ဘက်ပိုင်းဆိုင်ရာ ပဋိပက္ခတွေကို ထိန်းချုပ်ရေးကိစ္စတွေ၊ နိုင်ငံရေးပိုင်း ဆိုင်ရာအတွက် ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို တစုံတရာ အားလုံးအတွက်ပေါ့ဗျာ ဆက်ပြီးတော့မှ ညှိနှိုင်းနိုင်တဲ့ အခွင့်အလမ်းတွေ၊ ထိန်းသိမ်းနိုင်တဲ့ အခြေအနေတွေ ရှိကောင်းရှိမလားဆိုတဲ့ စဉ်းစာချက်နဲ့ ကြိုးပမ်းကြည့်တဲ့ သဘောပါပဲ။” ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအုံကြွမှုကနေ ပေါက်ဖွားလာတဲ့ ကျောင်းသားတပ်မတော်အနေနဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေအကြား ပိုမိုနီးစပ်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့မှုအပေါ် တော်တော်များများက အသိအမှတ်ပြုတယ်ပေါ့။ ဒီလို ကနဦး လက်မှတ်ထိုးတဲ့ အစုအဖွဲ့ထဲမှာ ပါဝင်သွားတဲ့အတွက် ပြည်တွင်းပြည်ပက အားမလို အားမရ ဖြစ်မှုတွေ ကြားရပါတယ်။ ဒါနဲ့ပတ်သက်လို့  ဒီကနေတဆင့် ဘာများပြောချင်ပါသလဲ။ “မှန်တယ်၊ ကျနော်တို့အားလုံးဟာ အလုံးစုံ ကျနော်တို့ ခုနပြောသလို အကုန်ရရင်ရ၊ မရရင် ဘာမှမလိုချင်ဘူးဆိုတာ ကျနော်တို့အားလုံး ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့ အခြေအနေမှာလည်း ကျနော်တို့အားလုံး အတူတကွ ပါဝင်ရေး၊ နောက်တခုကတော့ အကုန်လုံး အတူတကွ ခုပြောတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက်ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေး အတွက်ပဲဖြစ်ဖြစ်၊ နောက်တခုကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ဖို့ ဆက်ပြီးကြိုးစားနေတုန်းပဲ။ ဒီတော့ ဆိုလိုချင်တဲ့အဓိပ္ပာယ်က ဒီနေ့ရွေးချယ်မှုဟာ ကျနော်တို့အကြိုက်ဆုံး ရွေးချယ်မှုတော့ မဟုတ်ခဲ့ပါဘူး။ ဒါ ကျနော် အပွင့်လင်းဆုံးဝန်ခံတယ်။ သို့သော်လည်းပဲ ကျနော်တို့ တိုင်းပြည်အတွက်ပေါ့ဗျာ ခုနပြောသလို ကျနော်တို့အနေနဲ့ ကျနော်တို့အဖွဲ့အစည်းရဲ့ လိုက်ပါနေရတဲ့ အခြေအနေ၊ နောက်တခုက အဖွဲ့အစည်းရဲ့ ခုနပြောတဲ့ ယုံကြည်ထားတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရင်းခံဖြစ်တဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးဆွေးနွေးပွဲနဲ့ ဖြေရှင်းနိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးအတွက် ဒါဟာ နည်းလမ်းရှာတဲ့၊ ခုနပြောတဲ့ စဉ်းစားချက်တခုလို့ ပြောရင်ဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ပြောချင်တာက ကျနော်တို့တတွေဟာ ဒါဟာ ကျနော်တို့ အညံ့ပေးသွားတာ မဟုတ်ဘူး။ အရှုံးပေးတာလည်း မဟုတ်ဘူး။ အခု အားလုံး ကျနော်တို့ အပစ်အခတ် ရပ်စဲရေးထားတာ အားလုံးအသိပဲဖြစ်တယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေကလည်း အပစ်အခတ်ရပ်စဲထားတာဖြစ်တယ်။ တပြိုင်နက်တည်းမှာပဲ သူတို့က nationwide ceasefire agreement ကို သဘောမတူတာ မဟုတ်ဘူး။ ဘယ်လို အကောင်အထည်ဖော်ကြမလဲဆိုတဲ့ အကောင်အထည်ဖော်ဖို့ နည်းနာကို ခုနပြောသလို သူတို့အတွက် အချိန်လိုအပ်နေမှုရယ်၊ အခြေအနေတစုံတရာ ခုနပြောသလို လိုအပ်နေမှုရယ် ကြောင့်မို့လို့ မထိုးဖြစ်သေးတယ်လို့ပဲ ကျနော်တို့ပြောကြတာဖြစ်တယ်။ ဘယ်သူမှ မထိုးဘူးလို့ ဒီဟာကို ပြောနေတာမဟုတ်ဘူး။ "နောက်တခုကတော့ ကျနော်တို့အားလုံး လုပ်ချင်တဲ့ အရင်းခံ နိုင်ငံရေးပြဿ  နာတွေ ဖြေရှင်းချင်တဲ့နည်းလမ်းကို ရှာဖွေရေးအတွက်ကော၊ နောက်တခုက အားလုံးကြားမှာ ဒီ လက်မှတ်ထိုးတာမထိုးတာ တပိုင်းပါ၊ ကျနော်တို့ ဘ၀တူတွေ ဖြစ်ခဲ့ကြတယ်။ အဲဒီကြားထဲမှာ ဆက်စပ်ပြီး ရေရှည်နိုင်ငံရေး လုပ်ငန်းတွေကို ဆက်ပြီးလုပ်မယ်၊ ညီညီညွတ်ညွတ်ရှာဖွေကြမယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေရှိလို့ ဒီလိုမျိုးစဉ်းစားတာဖြစ်ပါတယ်။ ဒါပေမယ့် သေချာတာတခုက ဒီလိုမျိုးစဉ်းစားပေမယ့် တိုင်းပြည်ရဲ့အခြေအနေက အချိန်မရွေး ပြောင်းနိုင်ပါတယ်။ ဒီတော့ အေဘီအက်စ်ဒီအက်ဖ်အနေနဲ့ ပြောချင်တာက ဘာလဲဆိုရင် ဘယ်လောက်ပဲစာချုပ်တွေချုပ်ချုပ်၊ ကျနော်မြင်တာက မမှန်ကန်တဲ့ ဖြေရှင်းမှုတွေ၊ နောက်တခုက မရိုးသားတဲ့အခြေအနေတွေ ဖန်တီးမှုတွေ ဖြစ်လာခဲ့သည်ရှိသော် ကျနော်တို့ လူထုဘက်က ဆက်ပြီးတိုက်ပွဲဝင်ဖို့က အဆင်သင့်ပဲ။” အေဘီအက်စ်ဒီအက်ဖ်က ကေအန်ယူဧရိယာမှာရှိတယ်၊ ကေအိုင်အိုဧရိယာမှာ ရှိတယ်ပေါ့။ ကေအန်ယူက အန်စီအေလက်မှတ်ထိုးမယ်၊ ကေအိုင်အိုက အန်စီအေ လက်မှတ်မထိုးသေးဘူး။ ဒီတော့ အေဘီအက်စ်ဒီအက်ဖ် အမိန့်စီးဆင်းမှုတွေ ဘယ်လိုဖြစ်မလဲ။ အဲဒီကိစ္စတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ။ “ကျနော်ပြောပြချင်တာက အရိုးရှင်းဆုံးပြောရရင် ကျနော်တို့သမိုင်းရှိပါတယ်။ ပထမဆုံး အေဘီအက်စ်ဒီအက်ဖ် လေ့လာရေးခရီးစဉ်ဝင်ပြီးတော့ ဆုံးဖြတ်ကြမယ်ဆိုတဲ့ အခြေအနေမှာ လက်မှတ်မထိုးသေးပါဘူး။ ကျနော်တို့ ဗမာပြည်ထဲကို လေ့လာရေးခရီးစဉ် ဆင်းပါတယ်။ ဆင်းတဲ့အခါက ကျနော်တို့တတွေဟာ အထဲမှာရောက်နေတယ်။ ဒါပေမယ့် မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ကျနော်တို့ နှစ်ဘက် အေဘီအက်စ်ဒီအက်ဖ်နဲ့ အစိုးရ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးကြတယ်။ ရေးထိုးကြတဲ့ အခြေအနေရောက်တဲ့ အချိန်မှာ ကျနော်တို့အားလုံးဟာ ကေအိုင်အေဌာနချုပ်ဟာ ခုနပြောသလို ဘာသဘောတူညီချက်မှ မရှိဘူး။ တိုက်ပွဲတွေဖြစ်နေတယ်။ သို့သော်လည်းပဲ ကျနော်တို့ တစုံလုံးဆိုင်ရာ စဉ်းစားချက်အရ တဦးနဲ့တဦးအကြားမှာ ညှိနှိုင်းမှုတွေရှိတယ်။ နောက်တခုကတော့ ကျောထောက်နောက်ခံ အဖွဲ့အစည်းတွေဖြစ်တဲ့ ကေအိုင်အိုပဲဖြစ်ဖြစ်၊ ကေအန်ယူပဲဖြစ်ဖြစ်၊ ကေအန်ပီပီပဲဖြစ်ဖြစ်၊ မွန်ပြည်သစ်ပါတီပဲဖြစ်ဖြစ် ဒီပါတီကြီးတွေ ကျနော်တို့ရပ်တည်နေရတဲ့ နယ်မြေတွေ အခြေခံအရ အေဘီအက်စ်ဒီအက်ဖ်ဟာ ဘာပဲပြောပြော မိမိရဲ့ခုခံစစ်ကို ဆင်နွှဲနေရတာဖြစ်တယ်။ ဖြစ်တော့ တနည်းအားဖြင့်ပြောရရင်  နိုင်ငံလုံးဆိုင်ရာကိစ္စ၊ နိုင်ငံရေးအရ ကျနော်တို့ ဆုံးဖြတ်တာတပိုင်း၊ ဒါပေမယ့် မိမိကိုယ်ကို မိမိကာကွယ်ရေးနဲ့ နယ်မြေအခြေခံအရ ကျနော်တို့တတွေက လိုက်ပါရမှုကလည်း လက်တွေ့အရ ဖော်ဆောင်ရမှာ တပိုင်းဖြစ်ပါတယ်။ ဒါကို သေသေချာချာခွဲခြားဖို့လည်း လိုပါတယ်။ "ဒီအတွက် ဒီဟာတွေကို ဆုံးဖြတ်တယ်ဆိုတာ တပ်ဖွဲ့တွေအားလုံးရဲ့ သဘောတူညီချက်တွေနဲ့ နှစ်ဘက်အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီတုန်းကသာ အခုပြောသလိုပဲ တခြားဒေသမှာရှိတဲ့ မြောက်ပိုင်းဒေသဟာ ဘာမှ နားလည်မှုရထားတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနေ့အခြေအနေမှာဆို ကျနော်တို့ ပိုပြီးတော့ စည်းနှောင်မှု အားကောင်းတယ်လို့ ကျနော်က ယူဆတယ်။ ခုချိန်ဆိုရင် ကေအိုင်အိုကလည်း တနည်းအားဖြင့် နှစ်ဘက် အပြန်အလှန်ထိန်းချုပ်ရေး ယန္တရားတွေ ဖော်ထားတယ်။ ကျနော်တို့ ဒီဘက်မှာလည်း တနည်းအားဖြင့်ပြောရရင် အန်စီအေသာ မဖြစ်သော်လည်း နှစ်ဘက် သဘောတူညီချက်တွေ တဖွဲ့ချင်းစီမှာ ရှိနေတဲ့အတွက် ဒီထိန်းချုပ်ရေး ယန္တရားတွေက ရှိနေတယ်။ ရှိနေတဲ့အတွက် ကျနော်တို့မျှော်လင့်တာကတော့ပေါ့ဗျာ ဆိုးဝါးလှတဲ့ ကွာဟချက်တွေ၊ ဆိုးဝါးလှတဲ့ အမြင်မတူမှုတွေ မဖြစ်လောက်ဘူးလို့တော့ ကျနော်တို့က ယူဆတယ်။ တနည်းအားဖြင့် ပြောရရင် ဒီကနေ့ အားလုံးသွားရမယ့်လမ်းသည် နိုင်ငံရေးကို အရင်းခံ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ တန်းတူရည်တူ ဂုဏ်သိက္ခာရှိရှိဖြစ်မှပဲ တိုင်းပြည်ရဲ့ ပြဿနာဟာ ပွင့်သွားလိမ့်မယ်လို့ထင်တယ်။ ဖြေရှင်းသွားနိုင်လိမ့်မယ်လို့လည်း ယူဆလို့ ဖြစ်ပါတယ်ဗျ။” အန်စီအေလက်မှတ်ထိုးပြီး ရက် ၆၀ အတွင်း နိုင်ငံရေးမူဘောင်ဆွဲ၊ လက်မှတ်ထိုးပြီး ရက် ၉၀ တွင်း နိုင်ငံရေးဆွေးနွေးပွဲတွေစဖို့ သဘောတူထားကြတော့ အေဘီအက်စ်ဒီအက်ဖ်က ဘာတွေ ပြင်ထားသလဲ။ “ကျနော်ပြောချင်တာက အန်စီအေ ထိုးခြင်း၊ မထိုးခြင်း ဖြစ်ခြင်းမဖြစ်ခြင်းက ပထမပိုင်း ဖြစ်လိမ့်မယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စ ဒီလမ်းခရီးက အင်မတန်မှ ရေရာတဲ့လမ်းခရီးတော့ မဟုတ်ဘူး။ ကျနော်တို့ သေချာတယ်။ ပြောချင်တာက ဘာလဲဆိုတော့ အန်စီအေကို ၇ ဖွဲ့ ၈ ဖွဲ့နဲ့သွားထိုးလို့ အန်စီအေဆိုတဲ့ အင်္ဂါရပ်လက္ခဏာနဲ့က မပြည့်စုံပါဘူး။ ဟုတ်လား၊ အဲတော့ အန်စီအေထဲမှာပါတဲ့ တစုံလုံးနဲ့ ဖြေရှင်းရမယ့် ကိစ္စရပ်တွေဆိုတာ တစုံလုံး မပါဘဲနဲ့ ခင်ဗျား ဘယ်လိုမျိုးသွားရှင်းမလဲ။ ဒါပေမယ့် ကျနော်တို့က မျှော်မှန်းချက်ကလည်း တစုံလုံးအတွက်ထားပေမယ့် ဒီအဆင့်မှာတော့ ကျနော်တို့လိုချင်တာအားလုံး ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ကျနော်တို့ယူဆတယ်။ ဒါပေမယ့် တနည်းအားဖြင့်ပြောရရင် တဘက်နဲ့ တဘက်ကြားမှာ အန်စီအေကို မူတည်ပြီးတော့မှ စည်းနှောင်မှုတွေဖြစ်နိုင်တယ်။ စစ်ရေး၊ နိုင်ငံရေးအရ ထိန်းချုပ်မှုတွေဖြစ်နိုင်တယ်။ တနည်းအားဖြင့်ပြောရရင် စစ်ရေးအရ ထိန်းချုပ်မှု တစုံတရာ ရနိုင်တယ်။ တနည်းအားဖြင့်ပြောရရင် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာနိုင်တဲ့ အခြားသောလမ်းကြောင်းတွေကို အတွင်းအင်အားစုတွေ၊ အပြင်အင်အားစုတွေကြားမှာ ရှာဖွေဖော်ထုတ်ကောင်း ဖော်ထုတ်နိုင်လိမ့်မယ်လို့ပဲ မျှော်လင့်ထားလို့ရတယ်။”
6 years Ago
Up