အေဒီဘီ

October 16, 2015

မြန်မာနိုင်ငံအတွင်း စီးပွားရေးစင်္ကြန်တလျှောက်ရှိမြို့များ ပိုတိုးတက်ရန် ဆောင်ရွက်မည်

မြန်မာနိုင်ငံအတွင်းက မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက် စီးပွားရေး စင်္ကြန်အပိုင်းတလျှောက်ရှိ မြို့တွေ ပိုမိုတိုးတက်လာဖို့ လတ်တလောမှာ နည်းလမ်းတွေ ရှာဖွေနေပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က အောက်တိုဘာ ၁၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ထိုင်းဖွံ့ဖြိုးရေး အေဂျင်စီတခုဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (အန်အီးဒီအေ) တို့ လက်မှတ်ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက်အရ ထုတ်ပြန်လိုက်တာပါ။ အဲဒီ သဘောတူညီချက်အရ ထိုင်းနိုင်ငံအတွင်းသာမက မြန်မာနိုင်ငံ အပါအ၀င် ထိုင်းရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေး၊ ပညာရေး စတဲ့ကဏ္ဍတွေ တိုးတက်ဖို့ ပူးတွဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေကို အကောင်အထည် ဖော်သွားမယ်လို့ ဆိုပါတယ်။ မဟာမဲခေါင်ဒေသခွဲမှာ နိုင်ငံဖြတ်ကျော် လမ်းမကြီးတွေ တည်ဆောက်တာ၊ နိုင်ငံဖြတ်ကျော် စွမ်းအင်ပို့လွှတ်သုံးစွဲမှုနဲ့ ကူးစက်ရောဂါ ထိန်းချုပ်မှု စတာတွေအတွက် ပြီးခဲ့တဲ့  နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ အာရှဖွံ့ဖြိုးရေးဘဏ်က ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဘီလီယံကျော်နဲ့ နည်းပညာ အထောက်အပံ့အတွက် ဒေါ်လာ သန်း ၁၀၀ ကျော်ကို ထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။ မဟာမဲခေါင်ဒေသခွဲ နိုင်ငံတွေမှာ မဲခေါင်မြစ်ဝှမ်းနဲ့ ဆက်စပ်နေတဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပါတယ်။
6 years Ago

September 4, 2015

အသေးစား၊ အလတ်စား လုပ်ငန်းများ တိုးတက်ရန် ဘဏ္ဍာရေး အခက်အခဲရှိနေ

အာရှနိုင်ငံတွေရဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (SME) တွေ အနေနဲ့ နိုင်ငံတကာ လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ပုဂ္ဂလိက ငွေကြေးရင်းနှီးမြှုပ်နှံတာတွေ လိုအပ်နေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာသစ်တစ်ခုက ဆိုပါတယ်။ “အာရှမှာ SME ပေါင်း သန်းချီရှိပေမယ့် နည်းနည်းပဲ ထိုးဖောက်နိုင်ပြီး နိုင်ငံတကာဈေးကွက်နဲ့ ချိတ်ဆက်နိုင်တာပါ။ ဒီလို ထိုးဖောက်ချိတ်ဆက်နိုင်အောင် ပုဂ္ဂလိက ဘဏ္ဍာငွေကြေး ရင်းနှီးမြှုပ်နှံမှုရယ်၊ ငွေကြေးအရင်းနှီးရနိုင်မယ့် ရင်းမြစ်မျိုးစုံကို လက်လှမ်းမီဖို့ အခွင့်အရေးတွေ ပိုရဖို့လိုပါတယ်” လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာန အကြီးတန်း အကြံပေး နိုရိတာကာအာကာမဆုက ပြောပါတယ်။ အာရှရဲ့ SME လုပ်ငန်းတွေကို စောင့်ကြည့်လေ့လာထားတဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာအရ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေရဲ့ ၉၆ ရာခိုင်နှုန်းဟာ SME တွေဖြစ်ပြီး လုပ်သားထုရဲ့ ၆၂ ရာခိုင်နှုန်းကို ခန့်ထားနိုင်တာလို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်မှာပဲ SME တွေကို ငွေချေးပေးတာ လျော့လာပြီး ဘဏ်ချေးငွေ စုစုပေါင်းရဲ့ ၁၉ ရာခိုင်နှုန်းလောက်ပဲ ရကြတာပါ။ မြန်မာနိုင်ငံမှာလည်း ၂၀၁၅ ခုနှစ် မတ်လအထိ စာရင်းတွေအရ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေရဲ့ ၈၈ ရာခိုင်နှုန်းလောက်ဟာ SME လုပ်ငန်းတွေဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ကထက် တိုးလာပါတယ်။ ဒီအထဲမှာ အိမ်တွင်းလက်မှုလုပ်ငန်းတွေက အများစုဖြစ်နေပြီး အာဆီယံ စီးပွားရေးအသိုက်အ၀န်း ရောက်လာခဲ့ရင် ပြည်တွင်းလုပ်ငန်းတွေ တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်တာတွေလည်း ရှိနေကြပါတယ်။
6 years Ago
Up