အေတီအမ်စက်တွင်းငွေများ

June 23, 2018

ကြွက်တကောင်ကြောင့် အေတီအမ်စက်ထဲက ရူပီး ၁၂ သန်းကျော် ပျက်စီး

ကြွက်တကောင်ကြောင့် အိန္ဒိယနိုင်ငံ တင်ဆန်ကိုင်မြို့မှာရှိတဲ့ အေတီအမ်စက်အတွင်းက ပိုက်ဆံများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ UPI သတင်းမှာ ဖော်ပြပါတယ်။ ပျက်စီးမှုဖြစ်ပွားခဲ့တဲ့ အေတီအမ်စက်က တင်ဆန်ကိုင်မြို့ အစွန်အဖျားမှာရှိတဲ့ အစိုးရပိုင်အေတီအမ် စက်ဖြစ်ပြီး ကြွက်ကြောင့် ကန်ဒေါ်လာ ၂ဝဝဝဝ နဲ့ညီမျှတဲ့ ရူပီး ၁၂၃၈ဝဝဝ ပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်။ ဒေသခံ ရဲတပ်ဖွဲ့ရဲ့အဆိုအရ ဒီစက်ဟာ ပြီးခဲ့တဲ့ မေလကတည်းက သုံးမရတော့ တာဖြစ်ပြီး ကနဦးကတော့ နည်းစနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုလို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒီစက်ကို အချိန်မီပြုပြင်နိုင်ခြင်း မရှိခဲ့ဘဲ လာရောက်ပြုပြင်ချိန်မှသာ ကြွက်ကိုက်ထားတဲ့ ပိုက်ဆံတွေကို အံ့အားသင့်ဖွယ် မြင်တွေ့ခဲ့ရတာပါ။ စက်ထဲက ပိုက်ဆံအချို့ဟာ ကြွက်ကိုက်ထားခြင်းကြောင့် အစိတ်စိတ်အမွှာမွှာ ပျက်စီး နေပြီး အချို့ကတော့ ကိုက်ရာတွေကြောင့် အသုံးပြုလို့ မရလောက်အောင်နီးနီးဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ စက်ကိုစစ်ဆေးချိန်မှာ ပျက်စီးနေတဲ့ ပိုက်ဆံတွေနဲ့အတူ ကြွက်အသေကောင် တကောင်ကိုလည်း မြင်တွေ့ခဲ့ရပြီး ဒီစက်ပျက်စီးမှုမှာ လူတွေရဲ့ ပရောဂကြောင့်လို့ သံသယရှိစရာလည်း မတွေ့ရဘူးလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ကြွက်ဟာ စက်အတွက်ဝါယာကြိုးတွေဝင်ထွက်ဖို့ ဖန်တီးထားတဲ့ အပေါက်ကနေ ဝင်ရောက်ခဲ့တယ်လို့ ယူဆရကြောင်းလည်း ရဲတပ်ဖွဲ့က သုံးသပ်ပါတယ်။
3 years Ago
Up