အေစီမီလန်

July 25, 2019

ဂန္ထဝင်ကစားသမားကြီး မာလ်ဒီနီ၏သား အေစီမီလန်အတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစား

အေစီမီလန် ဂန္ထဝင်ကစားသမားကြီး မာလ်ဒီနီရဲ့ သားဖြစ်သူဟာ ဘိုင်ယန်မြူးနစ်နဲ့ ခြေစမ်းပွဲမှာ အသင်းကြီးအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့ပါတယ်။ အသက် ၁၇ နှစ်ပဲရှိသေးတဲ့ မာလ်ဒီနီရဲ့ သားဖြစ်သူ ဒန်နီယယ် မာလ်ဒီနီဟာ ဘိုင်ယန်နဲ့ ခြေစမ်းပွဲမှာ လူစားဝင် ကစားသွားခဲ့တာပါ။ ဒါကြောင့် မာလ်ဒီနီရဲ့ မျိုးဆက်သုံးဆက်တိုင်အောင် အေစီမီလန် အသင်းကြီးမှာ ပါဝင်ကစားနိုင်တဲ့ မှတ်တမ်းတခုလည်း ရရှိသွားပါတယ်။ နောက်ခံလူဟောင်း ပေါ်လို မာလ်ဒီနီရဲ့ ဖခင်ဖြစ်သူ ဆီဇာ မာလ်ဒီနီဟာလည်း ၁၉၅၄ ကနေ ၁၉၆၆ ခုနှစ်အထိ အေစီမီလန်အသင်းမှာ ၁၂ နှစ်ကြာ ပါဝင်ကစားခဲ့ပြီး အသင်းရဲ့ ဂန္ထဝင် နောက်ခံလူတဦး ဖြစ်ပါတယ်။ သားဖြစ်သူ ပေါ်လိုမာလ်ဒီနီ လက်ထက်မှာလည်း ဖခင်ရဲ့ခြေရာကို နင်းနိုင်ခဲ့တဲ့အပြင် ၂၅ နှစ်ကြာအထိ အေစီမီလန်အသင်းမှာပဲ ပါဝင်ကစားခဲ့တာပါ။ အဘိုးနဲ့ ဖခင်က နောက်ခံကစားသမားတွေ ဖြစ်ခဲ့ပေမယ့်လည်း ဒန်နီယယ် မာလ်ဒီနီကတော့ တောင်ပံကစားသမားတဦး ဖြစ်ပါတယ်။ ပေါ်လိုမာလ်ဒီနီရဲ့ အကြီးဆုံးသားဖြစ်သူဟာလည်း ဘောလုံးသမားတဦး ဖြစ်ပေမယ့် အေစီမီလန်အသင်းမှာ ပွဲထွက်ကစားခွင့် မရခဲ့ဘဲ စီးရီးစီမှာ သွားရောက်ကစားနေပါတယ်။ အသက် ၁၇ နှစ်အရွယ် ဒန်နီယယ် မာလ်ဒီနီ ဖခင်နဲ့ အဘိုးရဲ့ခြေရာ နင်းနိုင်မလား ဆိုတာကတော့ လာမယ့်ရာသီမှာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
2 years Ago

June 29, 2019

FFP စည်းမျဉ်းနှင့်ငြိ၍ အေစီမီလန်အသင်းကို ယူရိုပါလိဂ်ဝင်ခွင့် ၁ နှစ်ပိတ်ပင်

ဘဏ္ဍာရေးဆိုင်ရာ မျှတစွာကစားခြင်းစည်းမျဉ်းများ (FPP) ကို ချိုးဖောက်တာကြောင့် အီတလီအင်အားကြီးကလပ် အေစီမီလန်အသင်းကို ယူအီးအက်ဖ်အေက လာမယ့်ရာသီမှာ ယူရိုပါလိဂ်ကစားခွင့် ပိတ်ပင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ “၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ စောင့်ကြည့်ကာလအတွင်း အသုံးစရိတ် အလွန်အကျွံအသုံးပြုခဲ့တာကြောင့် အေစီမီလန်အသင်းကို လာမယ့် ၂၀၁၉-၂၀၂၀ ရာသီဥရောပရဲ့ ဒုတိယအကြီးမားဆုံးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကစားခွင့် ပိတ်ပင်လိုက်ပါတယ်” လို့ အားကစားဆိုင်ရာ ခုံသမာဓိရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယူအီးအက်ဖ်အေရဲ့ ကြေညာချက်ကို စီးရီးအေအသင်းဘက်ကလည်း လက်ခံခဲ့တယ်လို့ သိရပါတယ်။ တချိန်က ဥရောပအင်အားကြီး မီလန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေရဲ့ အမှတ်ပေးဇယားမှာ အဆင့် ၅ ရရှိခဲ့တာဖြစ်ပါတယ်။ မီလန်အသင်းကို ယူရိုပါလိဂ်ကနေ ထုတ်ပယ်ခဲ့တာကြောင့် ရိုးမားအသင်းနဲ့ တိုရီနိုအသင်းတို့ ဟာ ယူရိုပါလိဂ်ဝင်ခွင့် ရရှိတော့မှာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ခြေစစ်ပွဲမကန်ရတော့ဘဲ ယူရိုပါလိဂ်အုပ်စုအဆင့်ကို တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတော့မှာဖြစ်ပြီး အဆင့် ၇ ရရှိခဲ့တဲ့ တိုရီနိုအသင်းကတော့ ယူရိုပါလိဂ်ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတော့မှာဖြစ်ပါတယ်။
2 years Ago
More News
Up